(ခ)-မြို့နယ်အဆင့်ရှိဌာနဆိုင်ရာများအား လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ငွေကြေးသုံးစွဲမှုအခြေအနေ မှန်/မမှန် ထိန်းကျောင်းပေးနိုင်သော အတွင်းစာရင်းစစ် (Internal Auditing) နှင့် ပြင်ပစာရင်းစစ် (External Auditing) နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

သမ္မတရဲ့  Good Governance, Clean Government ဆိုတဲ့ဆန္ဒကိုဖြည်‌့ဆည်းပေးချင်လို့ မေးမြန်းခြင်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဝန်ကောင်း မှပြည်အောင်ဆိုသလို နိုင်ငံ့ဝန်ထမ်းတွေ အရည်အချင်း၊ အရည်အသွေး၊ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ထားတွေ ကောင်းမွန်ဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးကို အစိုးရဌာနများက အနီးကပ်အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့အတွက် အစိုးရဝန်ထမ်းကောင်းဖြစ်ဖို့ အထူးလိုအပ် ပါတယ်။ နိုင်ငံတိုးတက်မှုရဲ့အခြေခံဟာ ဝန်ထမ်းကောင်းပဲလို့ ကျွန်တော် ဒီလိုသုံးသပ်မိပါတယ်။ ယခင်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီရယ်၊ ကောင်စီ၊ စာရင်းစစ်ရယ်ဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ဟာ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငွေကြေးသုံးစွဲမှုကို Check and Balance အပြန်အလှန်ထိန်းကျောင်းထားတဲ့အတွက် မြို့နယ်အဆင်‌့မှာ အောင်မြင်သင့်သလောက် အောင်မြင်ပြီး အလွဲသုံးစားမှုတွေကို သက်တမ်းတစ်လျှောက်လုံး အတော်ကလေးထိန်းချုပ်ပေးနိုင် တာကိုတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံတော်ငွေကို အောက်ခြေမှာ ယိုဖိတ်မှုမရှိအောင်ထိန်းချုပ် နိုင်တာကိုတွေ့ရှိရပါတယ်။ အဲ့ဒီတုန်းက မြို့နယ်စာရင်းစစ်တွေက လုပ်ငန်းရော၊ ငွေကြေးသုံးစွဲမှုကို တစ်ပြိုင်တည်းစစ်ဆေးပြီးတော့ အထက်ကိုတင်ပြတဲ့အတွက် လုပ်ငန်းအောင်မြင်မှုကိုလည်း တည်‌့မတ် ပေးပြီး လေလွင့်ဆုံးရှုံးမှုနှင့် အလွဲသုံးစားမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းချုပ်ပေးနိုင် တာကိုတွေ့ရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခုအခါမှာ ဌာနဆိုင်ရာတွေ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုတွေမှာ အားနည်းမှုတွေအနည်းငယ် တွေ့ရှိ နေရပါတယ်။ ကျွန်တော့်ထံ ပြည်သူလူထုရဲ့တင်ပြချက်၊ တိုင်ကြားချက်တွေဟာ ဌာနဆိုင်ရာများရဲ့ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအားနည်းမှုကြောင့် ဖြစ်ပေါ်လာသောတိုင်ကြားမှုများဖြစ်နေကြောင်း သုံးသပ် တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဤမေးခွန်းနှင့်ပတ်သက်၍ (၁) ဌာနဆိုင်ရာ၊ အပေါ်နှင့်အောက်လုပ်ငန်း ဆောင်ရွက်မှုနှင့် ငွေကြေးသုံးစွဲမှုကို မည်သို့ထိန်းကျောင်းဆောင်ရွက်ထားပါသလဲ။ (၂) ဌာနဆိုင်ရာ အတွင်း စာရင်းစစ်နှင့် ပြင်ပစာရင်းစစ်တို့ရဲ့တွေ့ရှိသော အချက်အလက်တွေအပေါ်မှာ မည်သို့ အရေးယူဆောင်ရွက်ပါသလဲ။ (၃) နိုင်ငံတော်ငွေကြေး ဆုံးရှုံးနစ်နာမှုကို မည်သို့ကြိုတင်ကာကွယ် အရေးယူဆောင်ရွက်ထားမှုရှိ၊ မရှိသိရှိလိုပါကြောင်း သမ္မတရဲ့  Good Governance, Clean Government ကို အထောက်အပံ့ဖြစ်စေရန်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။