(က)- ၁၉၄၅ ခုနှစ် ငွေတိုးချထားသူများ အက်ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်း မပြုဘဲ တရားမဝင် ငွေတိုးချစားသူအား ဖော်ထုတ် အရေးယူရန်နှင့် ဆင်းရဲသားများအား လိမ်လည် တရားစွဲဆို ခံနေရခြင်းကို ကာကွယ်ပေးမည့် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

(က)-၁၉၄၅ ခုနှစ် ငွေတိုးချထားသူများအက်ဥပဒေအရ တရားဝင်မှတ်ပုံတင်ခြင်းမပြုဘဲ တရားမဝင် ငွေတိုးချစားသူအား ဖော်ထုတ်အရေးယူရန်နှင့် ဆင်းရဲသားများအား လိမ်လည်တရားစွဲဆို ခံနေရခြင်းကို ကာကွယ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

သာကေတမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်နှင့်ကျေးရွာအချို့မှာ တရားမဝင်ငွေချေးစားသူများ ရှိနေပါတယ်။ စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးစေခြင်း၊ လက်ဗွေပုံစံများ နှိပ်ယူခြင်း၊ မှတ်ပုံ တင်များ ရယူပြီးတော့ ငွေချေးခြင်းများ ခေတ်စားနေကြပါတယ်။ ငွေချေးယူသူများမှာ ဆင်းရဲနွမ်းပါး သူများ ဖြစ်ပြီးတော့ လက်လုပ်လက်စားများ ဖြစ်ပါတယ်။ ဥပဒေကို နားမလည်တဲ့ရိုးသားသူများ ဖြစ်ကြပါတယ်။ အရေးပေါ်ဒုက္ခတွေ့နေချိန်မှာ လိုအပ်နေတဲ့ငွေကို ချေးငှားရရှိခြင်းကိုပင် ကျေးဇူးတင်နေရသူများ ဖြစ်ကြပါတယ်။ စာချုပ်အလွတ်မှာ လက်မှတ်ရေးထိုးကြခြင်းမှာ အလွန်အန္တရာယ်များ ကြောင်း မသိရှိသူများလည်း ဖြစ်ပါတယ်။ တချို့ငွေချေးသူများမှာ အိမ်‌ွမေအရောင်းအဝယ်စာချုပ် လုပ်ပြီးတော့ ငွေချေးနေရတာကိုလည်း တွေ့ရှိရပါတယ်။ ငွေတိုးချေးစားသူများအနေနဲ့ ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ စီးပွားဖြစ်လုပ်ကိုင်နေသူများ ဖြစ်ပါတယ်။ ငွေချေးယူသူများ အနေနဲ့ အတိုးဟာအရင်းထက်များလာပြီးတော့ ဆက်လက်၍ အတိုးမပေးနိုင်တဲ့အခါမှာ ငွေချေးစားသူများအနေနဲ့ ဥပဒေပညာရှင်များနဲ့ပူးပေါင်းပြီးတော့ ရယူထား တဲ့စာချုပ်အလွတ်ပေါ်မှာ မိမိကြိုက်သလို ဖြည့်စွက်ပြီး စာချုပ်အင်္ဂါရပ်နဲ့ညီအောင်ဆောင်ရွက်ခြင်း၊ တရားစွဲဆိုခြင်းများကို ပြုလုပ်ကြပါတယ်။ ငွေချေးယူသူများအနေနဲ့ အိမ်များ၊ ‌ွမေများသိမ်းဆည်းခံရ ခြင်း၊ အချို့ဆိုလို့ရှိရင် ထောင်ကျသည်အထိ ခံစားရပြီးတော့ ဘဝပျက်တဲ့အထိ ဖြစ်နေတာကို ကျွန်တော် တွေ့ရှိနေရပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ငွေချေးယူ သူများအနေနဲ့ တရားရုံးကို ရောက်တဲ့အခါမှာ စာချုပ်အလွတ်ပေါ်မှာ လက်မှတ်ရေးထိုးရကြောင်း စာချုပ်ပါရေးသားချက်များမှာ မမှန်ကန်ပါကြောင်း မိမိကဲ့သို့ မတရားခံရသူများ ရှိကြောင်း  သက်သေပြ ထွက်ဆိုခဲ့ကြသော်လည်း များသောအားဖြင့် တရားရုံးများအနေနဲ့ စာချုပ်အင်္ဂါရပ်ညီ၊ မညီ။ ငွေရယူ ထားခြင်း ရှိ၊ မရှိကိုသာ အဓိကထားပြီးတော့ စစ်ဆေးဆုံးွဖတ်အပြစ်ပေးနေတာ တွေ့ရှိနေရပါတယ်။ လက်တွေ့တကယ်အဖြစ်မှန်ပေါ်လွင်အောင် စစ်ဆေးခြင်းများ အားနည်းနေ တဲ့အတွက် ဆင်းရဲသားများအနေနဲ့ နစ်နာမှုများ ရှိနေပါတယ်။ ဒါကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းခွင့်ပြုရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။ (က) ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ အက်ဥပဒေအရ တရားဝင်မှတ်ပုံတင် ခြင်းမပြုဘဲ စာချုပ်အလွတ်ရယူပြီးတော့ ဥပဒေနဲ့ညီညွတ်ရန် လုပ်ကြံဖန်တီး၍ တရားမဝင်ငွေတိုးချ စားသူများအား ဖော်ထုတ်အရေးယူနိုင်ခြင်း ရှိ၊/မရှိ။ (ခ) ဥပဒေနားမလည်သည့် ဆင်းရဲသားများအား လိမ်လည်တရားစွဲဆိုခံနေရခြင်းကို ကာကွယ်ပေးမည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။