(ဂ)-၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာ့ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
(ဂ)-၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာ့ရိုးရာအားကစားနည်းများ ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲကို ယခုဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း ကျင်းပရန် အစီအစဉ် ရှိ/မရှိနှင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယခုနှစ် ပွင့်လင်းရာသီမှစ၍ ဆောင်ရွက် စေရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
အားကစားဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များမှာ ရေတိုစီမံကိန်းအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ မြန်မာ့ အားကစားသမားများ အောင်နိုင်ရေးပင်ဖြစ်ပါသည်ဟု သိရှိရပါသည်။ (၂၆) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ ဆုတံဆိပ်ရရှိမှုအနေအထားမှာ နိုင်ငံအလိုက်အဆင့် ၇ သာ ရရှိခဲ့ပါတယ်။ ယခုအခါ မိမိတို့နိုင်ငံမှာ ကျင်းပမယ့် အားကစားပြိုင်ပွဲများမှာ နိုင်ငံအလိုက် အဆင့် ၇ ထက်တိုးတက်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ မဖြစ်မနေကြိုးစားရမှာ ဖြစ်ပါတယ်။ အဆိုပါ (၂၇) ကြိမ် မြောက်အားကစားပြိုင်ပွဲအတွက် အားကစားနည်း ၃၂ မျိုးပါဝင်ယှဉ်ပြိုင်မည် ဟုလည်းသိရှိရပါတယ်။ ထူးချွန်သော၊ ထက်မြက်သော၊ စံချိန်မီသော အားကစားသမားများရရှိရေး အတွက်လည်း Champion Challenge Club ပြိုင်ပွဲများ ကျင်းပပြီးတော့ လူရွေးချယ်မှုများလည်း ပြုလုပ်နေကြောင်းသိရှိရပါတယ်။ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများအားလုံး အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေကြောင်းလည်းသိရပါတယ်။ ဒါ့ကြောင့်မို့ ယခင် (၂၆) ကြိမ်မြောက် အားကစား ပြိုင်ပွဲထက် ဆုတံဆိပ်များပိုမိုရရှိကာ နိုင်ငံအလိုက် အဆင့် ၇ ထက် တိုးတက်ရရှိမည်မှာ သေချာ တယ်လို့ဆိုနိုင်ပါတယ်။ ဒါ့အပြင် မြန်မာအားကစားသမားများ ဆုတံဆိပ်များရရှိစေရန်အတွက် အခြားနိုင်ငံများကဲ့သို့ မိမိတို့ရိုးရာအားကစားနည်းများကို ထည့်သွင်းကျင်းပပေးရန် ဆောင်ရွက်နိုင် ပါက ဆုတံဆိပ်များရရှိမှုမှာ ယခုထက်ပိုမိုလာ မည်ဟုယုံကြည်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံအိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့ရိုးရာ အားကစားနည်းများ ထည့်သွင်းကျင်းပရန် အစီအစဉ်ရှိ၊မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အားကစားနည်းဖြစ်ကြောင်း သိရှိလိုပါ၍ လေးစားစွာ မေးမြန်းအပ်ပါတယ်။
အားကစားဝန်ကြီးဌာနရဲ့ နောက်စီမံကိန်းဖြစ်တဲ့ ရေရှည်စီမံကိန်းအနေနဲ့ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ရှာဖွေဖော်ထုတ်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးပင်ဖြစ်ပါတယ်။ အားကစားဝန်ကြီးဌာနအနေဖြင့် မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ရန်အတွက် မြို့နယ်အားကစား အရာရှိများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များ၊ မြို့နယ်အားကစားကော်မတီများနှင့် ပူးပေါင်းပြီးတော့ ရပ်ကွက်ပေါင်းစုံအားကစားပြိုင်ပွဲများ၊ ကျေးရွာ ပေါင်းစုံအားကစားပြိုင်ပွဲများကို ယခုနှစ် ပွင့်လင်းရာသီမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ ဒါ့အပြင် ခရိုင်အဆင့် အားကစားပြိုင်ပွဲများဖြစ်တဲ့ မြို့နယ် ပေါင်းစုံ အားကစားပြိုင်ပွဲများကိုလည်း ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲစသည်ဖြင့် တစ်မျိုးချင်း ပြိုင်ပွဲမျိုးသာ မဟုတ်ဘဲ တိုးချဲ့ပြီးတော့ ဒီနေ့မြန်မာနိုင်ငံမှာ အားနည်းနေတဲ့ ပြေးခုန်ပစ်ပြိုင်ပွဲများ အပါအဝင် အားကစားပြိုင်ပွဲများကို ယခုနှစ်ပွင့်လင်းရာသီမှာစပြီးတော့ ကျင်းပပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိလည်း သိလိုပါတယ်။ နောက်တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများ ကိုလည်း ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။