(ခ)-အလယ်ချောင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာတွင် ရဲကင်းစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းဟာ အလယ်ချောင်း ကျေးရွာအပါအဝင် ကျေးရွာရှစ်ရွာ တစ်ဆက်တစ်စပ်တည်းတည်ရှိပြီး အလယ်ချောင်းကျေးရွာဟာ အဓိကကျေးရွာကြီးဖြစ်ပါတယ်။ အိမ်ခြေပေါင်း ၃၉၅ နှင့် လူဦးရေပေါင်း ၂၃၅၅ ရှိပါတယ်။ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ သင်ပုန်းတန်း၊ ကံပြင်၊ ကုလားဘား၊ မကျည်းချောင်း၊ ကျွဲချက်အစရှိတဲ့ ကျေးရွာတွေမှာ စုစုပေါင်းအိမ်ခြေ ၁၆၂၀၊ လူဦးရေပေါင်း ၈၃၂၆ ဦး၊ စုစုပေါင်းကျွန်းမှာ အိမ်ခြေ ၂၀၁၆ အိမ်နဲ့ လူဦးရေပေါင်း ၁၀၆၈၁ ဦးနေထိုင်ကြပါတယ်။ အလယ်ချောင်းကျေးရွာမှာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းပေါင်း ၁၀၀ ခန့်လည်း ကျေးရွာအသီးသီးမှာ တာဝန်ထမ်းဆောင်လျက်ရှိကြပါတယ်။ အလယ်ချောင်း ကျွန်းဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ၁၈ မိုင်ခန့်ကွာဝေးပြီးတော့ ရေကြောင်းဆက်သွယ်မှုတစ်ခုတည်းကိုသာ အားကိုးအားထားပြုသွားလာရတဲ့အတွက် ခရီးသွားလာရေးခက်ခဲမှု၊ အချိန်ကြန့်ကြာမှုများကြောင့် ပုဏ္ဏားကျွန်း ရဲစခန်းအနေနဲ့ မှုခင်းတွေကြိုတင်ကာကွယ်နိုင်ရန် လက်လှမ်းမမီဖြစ်နေကြောင်းကြားသိ ရပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ တင်ပြချက်အရ အလယ်ချောင်းကျွန်းမှာ ၂၀၀၆ ခုနှစ်ကစပြီးတော့ လူသေမှုတွေ၊ နွားခိုးမှုတွေ၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားပေါ်ပေါက်လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်တဲ့အတွက် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျွန်းရှိ အလယ်ချောင်း ကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် လုံခြုံရေး၊ လူမှုရေး၊ ကျန်းမာရေးများ အထောက်အကူဖြစ်စေရန် သက်ဆိုင်ရာအနေနဲ့ အလယ်ချောင်းကျေးရွာမှာ ရဲကင်း စခန်းဖွင့်လှစ်ထားပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းပါသည်။