(က)-ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခု နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ နိုင်ငံ‌တော်အခြေခံမူများအခန်း  ပုဒ်မ ၁၈ ပုဒ်မခွဲ (ဂ) မှာ ဖော်ပြ ပြဋ္ဌာန်းချက်များနဲ့ သက်ဆိုင်တဲ့မေးခွန်း ၇ ခုကို နိုင်ငံသားများရဲ့ မူလအခွင့်အရေးရရှိဖို့ ရှေ့ရှုပြီး မေးမြန်း သွားမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့် တာဝန်များအခန်း ပုဒ်မ ၃၇၈ ပုဒ်မခွဲ(က)မှာ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ စာချွန်တော်အမိန့်တစ်ရပ်ရပ်ကို သင့်လျော် သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိစေရမည်။ (က) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊             (ခ) အာဏာပေးစာချွန်တော် အမိန့်၊ (ဂ) တားမြစ်စေစာချွန်တော်အမိန့်၊ (ဃ) အာဏာပိုင်မေး စာချွန်တော်အမိန့်၊ (င) အမှုခေါ် စာချွန်တော်အမိန့်များဖြစ်ကြပါတယ်။

ဒီစာချွန်တော်အမိန့်များဟာ တရားမျှ တမှုအတွက် မရှိမဖြစ်အရေးကြီးသလို အနှစ်သာရအားဖြင့်လည်း နက်ရှိုင်းကျယ်ဝန်းလှပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်အထိ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီစာချွန်တော်အခွင့်အရေးကို အတိအလင်းပြဋ္ဌာန်းထားခဲ့ပြီးသည့်နောက် ဒီအမှု အခင်းတွေနဲ့ ပတ်သက်ပြီးပညာရှိတရားလွှတ်တော်၊ တရားသူကြီးတွေနဲ့ ရှေ့နေရှေ့ရပ်တွေရဲ့ စီရင်ထုံး တွေလည်းရှိခဲ့ပါတယ်။ ဒီစီရင်ထုံးတွေမှာ မှတ်သားစရာ၊ လေ့လာစရာတွေလည်းပါခဲ့ပါတယ်။

ကျွန်တော်ကတရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဝင် တစ်ဦးဖြစ်ပါတယ်။ လေးစားအပ်တဲ့ပြည်သူ့လွှတ်တော်နဲ့ ဥက္ကဋ္ဌကြီးတို့ ပေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း ကော်မတီကို တိုင်တန်းပေးပို့လာတဲ့ တိုင်ကြားစာတွေကို ဖတ်ရှု့လေ့လာတဲ့အခါမှာ တိုင်ကြားစာ တော်တော်များများမှာ စာချွန်တော် ဥပဒေရဲ့ လုပ်ထုံးလုပ်နည်း ဆက်စပ်မှု ရှိနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြု အပြည်ပြည်ဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို မကြာမြင့်သေးမီ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးနာမည်က Strengthing The Rule of Law in Myanmar Outcome of The International Rule of Law Meeting လို့ ညွှန်းဆိုထားပါတယ်။ ဒီအစည်းအဝေးရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြု လုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် လူမှုအဖွဲ့အစည်းတစ်ရပ်လုံးက အတူတကွပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ပြီး ယင်းအစည်းအဝေးမှာ မြန်မာနိုင်ငံတွင် လက်တွေ့ တွေ့ကြုံနေရသည့် တရား ဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်းတဲ့ကိစ္စရပ်များ ကဏ္ဍအသီးသီးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လူမှုရေးအဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာ တရား ဥပဒေစိုးမိုးရေးနှင့် အထောက်အကူပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများ ဖြစ်ကြတဲ့ အရှေ့တောင်အာရှဥပဒေရေးရာအထောက်အကူပြုအဖွဲ့ Southeast Asian Legal Aid Network၊ CEDAW ကိုယ်စားပြုတဲ့ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့မှာ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီအစည်း အဝေးမှာ ဆွေးနွေးချက်၊ မှတ်တမ်းတင်ချက်များအရ Supply Side Reform ဖြည့်ဆည်းသည့်ဘက်က ပြုပြင်ပြောင်းလဲရေး၊ Demand Side Reform လိုသည့်ဘက်က ပြုပြင်ပြောင်းလဲရေးဆိုသည့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားတာကို တွေ့ရပါတယ်။ ဒီအစီရင်ခံစာရဲ့ The Rule of Law Under Myanmar Constitution and Legal Frame Work ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေခေါင်းစဉ်အောက်မှာ (က) The Spration of Power is the Foundation of The Democratic System in Myanmar နိုင်ငံတော်အချုပ်အခြာအာဏာ ခွဲခြားကျင့်သုံးခြင်းသည် မြန်မာဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ (က) ပါ။ (ခ) The Judiciary must be Independence and not be influence by Politic တရားစီရင်ရေးသည် လွတ်လပ်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းရမည်။ ပုဒ်မ ၃၀၀ ပုဒ်မခွဲ(က)ပါ။ (ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား စာချွန်တော် အမျိုးမျိုးထုတ်ဆင့်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိကျပြတ်သားသည့် အာဏာများကို ပိုင်းခြားသတ်မှတ်ထားခြင်းဖြင့် The Law of Supreme in Myanmar and All Citizens must acting in according with law နိုင်ငံသားအားလုံးသည် ဥပဒေနှင့် အညီလိုက်နာ ဆောင်ရွက်ကြမည်ဆိုတဲ့ ပြဋ္ဌာန်းချက်များအပေါ်မှာ အပြုသဘောထောက်ခံ မှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ထောက်ကူနေကြပါတယ်။ 

အဲဒီအပိုဒ်ခွဲ (ဂ)မှာ ဆက်လက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား စာချွန်တော်အမျိုးမျိုးထုတ်ဆင့်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တိကျပြတ်သားသည့် အာဏာများကို ပိုင်းခြားသတ်မှတ်ထားခြင်းဖြင့် ဤအချက်ကို ထင်ရှားစေ သည်။ ပုဒ်မ ၂၉၆ စာချွန်တော်များမှာ တရားရုံးများ၏ အမိန့်ဖြစ်ပြီး အစိုးရအရာထမ်း၊ အုပ်ချုပ်ရေး မှူးများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့်၊ အခြားသော တစ်ဦးချင်းစီသော ပုဂ္ဂိုလ်အား တစ်စုံတစ်ခု ပြုလုပ် နေခြင်းကို ရပ်စဲရန် သို့မဟုတ် ဆောင်ရွက်ရန် ချမှတ်ထားသော အမိန့်ဖြစ်သည်။ နိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ အခွင့်အရေးများမှာ ဥပဒေအရ ထိပါးခံရသည်ဟုလည်းကောင်း၊ ဆုံးဖြတ်ချက်ချ မှတ်သူက ဥပဒေနှင့်အညီ ဆုံးဖြတ်ခြင်းမရှိဟုလည်းကောင်း ခံစားရသည့်အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်ဖြင့် လျှောက်ထားနိုင်သည်ဟုလည်းကောင်း အစီရင်ခံစာမှာ ရှင်းလင်းလွယ်ကူ သိသာစွာ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း ပြည်သူတို့ရဲ့ ဥပဒေပါ အခွင့်အရေးများ ဆုံးရှုံးမှုမရှိအောင် ပေးကာပေး၏မရ ဆိုတာမဖြစ်အောင် အောက်ပါ မေးခွန်း ၇ ကို မေးမြန်းအပ်ပါတယ်။ မေးခွန်းတွေကို မေးခွင့်ပြုတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးအား ကျေးဇူးတင်ရှိ ပါတယ်။ မေးခွန်းများကတော့ (၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် (က) အမှုခေါ်စာချွန်တော် လက်ခံရရှိသည့် အမှုဦးရေ၊ (ခ) အကျဉ်းနည်းဖြင့် ပလပ်ခဲ့သည့် အမှုဦးရေ၊ (ဂ) နှစ်ဖက်ကြားနာပြီး ပြည်လည်သုံးသပ်ပေးခဲ့သည့် အမှုဦးရေ၊ (ဃ)စာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်ခဲ့သော အမှုဦးရေတို့ကို သိရှိလိုပါတယ်။ (၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်မှုများ လျှောက်ထားရာတွင် ပြည်ထောင်စုတရားသူကြီးတစ်ဦးကသာ ရုံးထိုင်ပြီး အကျဉ်းနည်းဖြင့်ပလပ်သည့် အမိန့် Summarily Dismissed မှာ စာချွန်တော်၏ အဓိပ္ပာယ်ဖော်ပြချက်နှင့် ညီညွတ်ခြင်းရှိ၊ မရှိ။  (၃) ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေတွင် တရားရုံးချုပ်စီရင်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟု ဖော်ပြပါ ရှိခြင်းမရှိသည်မှာ မှန်ကန်ခြင်း ရှိ၊ မရှိ ။ (၄)     နစ်နာသူအား နောက်ဆုံးအခွင့်အရေး မဆုံးရှုံးအောင် အခြေခံဥပဒေပါ စာချွန်တော် တင်သွင်းခေါ်ယူနိုင်ခွင့် Right of Constitutional Remedy ကျင့်သုံး ရာတွင် တရားသူကြီး တစ်ဦးတည်းကသာ စီရင်ခြင်းသည် ပြဋ္ဌာန်းချက်ပါ အနှစ်သာရကို ဖော်ညွှန်းနိုင် သော ကုစားမှုဖြစ်၊ မဖြစ်။ (၅)        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ ၂၀၁၁ ခုနှစ်၊ မေလ ၃ ရက်နေ့စွဲပါ စာချွန်တော်အမိန့်လျှောက်ထားမှုများဆိုင်ရာ လုပ်ထုံး လုပ်နည်းများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးဆိုသည်မှာ စာချွန်တော်လျှောက်ထားမှုများ အပြီးသတ်ကြားနာရန် ပြည်ထောင်စုတရားသူကြီးချုပ်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ပါဝင်ဖွဲ့စည်း သော ခုံရုံးဟုဆိုသည်ဟု ဖော်ပြထားရာ ခုံရုံးမဟုတ်သော တစ်ဦးထိုင်တရားသူကြီးက အကျဉ်းနည်း ပလပ်သည့်အမှုသည် အပြီးသတ်ကြားနာခြင်းဖြစ်သည်ဟု သတ်မှတ်ခြင်းပြုနိုင်၊ မပြုနိုင်။ (၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၁ ခုနှစ်၊ မေလ ၃ ရက်နေ့စွဲပါ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ်  ၆၁  တွင် လျှောက်ထားမှုပြုလုပ်သည့် အမိန့်စာ သို့မဟုတ် အမှု သို့မဟုတ် ပြုမှုချက်ကို ပြုလုပ်သည့်နေ့မှ သုံးလအတွင်း စာချွန်တော်လျှောက်ထား တောင်းဆိုခြင်း မပြုခဲ့လျှင် မည်သည့်အမှုခေါ်စာချွန်တော်ကို သော်လည်းကောင်း ထုတ်ပေးခြင်းမပြုရဟူသော ဖော်ပြချက်သည် ဖွဲ့စည်းပုံအရ အထူးအပ်နှင်း ထားသော စာချွန်တော်အမိန့်ထုတ်ပိုင်ခွင့် ကြီးကြပ်ခွင့်အာဏာကို ကန့်သတ်ချုပ်ချယ်ရာ ရောက် မရောက်။ (၇)   ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော တရားစီရင်ခွင့်အာဏာတွင် အကျုံးဝင် သော ကြီးကြပ်ရေးအာဏာကို သာမန်အက်ဥပဒေအရ ပြဋ္ဌာန်းထားသည့် မည်သည့်ပြဋ္ဌာန်းချက်ကမှ ချုပ်ချယ်ပိတ်ပင်ခြင်းမပြုနိုင်ဆိုသည်မှာ မှန်၊ မမှန် သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။