(ဂ)-အင်းလေးဒေသ သွားလာမှု လွယ်ကူစေရန် ချောင်းများတူးဖော်ပေးခြင်း၊ လမ်းများ ဖော်ထုတ် တည်ဆောက်ပေးခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ညောင်ရွှေမြို့နယ် အင်းလေး ဒေသသည် ရှမ်းကုန်းမြေမြင့်ဒေသတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိပါတယ်။ ပယ်လယ်ရေ မျက်နှာပြင်အထက် ပေပေါင်း ၂၉၀၀ ကျော်အမြင့်တွင် တည်ရှိပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့သည် ၄၇၁၂ ပေမြင့် တောင်ကြီးခရိုင်အတွင်းမှာပါဝင်ပြီး ကမ္ဘာမှာ ထင်ရှားတဲ့ ဝိသေသတစ်ခုလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကာလများမှာ အင်းလေး ရေပြင်အကျယ်ဟာ အလျား ၁၄ မိုင် အနံ ၇ မိုင်ရှိကာ သဘာဝ စိမ်းလန်းသောသစ်တောများဖြင့် အလွန်ပင် သာယာကြည်နူး ဖွယ်ကောင်းသော ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအခါတွင်မူ လူဦးရေ ထူထပ်ပြီး သဲ၊ နုန်းမြေများ ပို့ချခြင်း၊ သဘာဝရာသီဥတု ပြောင်းလဲလာမှုများကြောင့် အင်းလေးရေပြင် ဟာကျဉ်းမြောင်းလာခဲ့ပါတယ်။ နွေရာသီကာလများမှာပင် လောင်းလှေကလေးဖြင့် တစ်ရွာလုံး လှော်ခတ်သွားလာခဲ့ရသော ရွာကလေးများမှာ ယခုအခါ ခြေကျင်နှင့်တစ်မျိုး၊ စက်ဘီးနဲ့ တသွယ်၊ ဆိုင်ကယ်နဲ့တဖုံ သွားလာနေကြရပါတယ်။ သို့သော်လည်း အင်းလေးဒေသရှိ အချို့ကျေးရွာဒေသ များရဲ့ အခြေအနေမှာ စက်လှေ၊ မော်တော်ဘုတ်စသည်များဖြင့် ဈေး၊ ကျောင်းများသို့ သွားလာရန် မလွယ်ကူပါ။ စက်ဘီး၊ ဆိုင်ကယ် စသည်ဖြင့်လည်း သွားလာ၍ မရဖြစ်နေပါတယ်။ သို့ပါ၍ အင်းလေး ဒေသရှိ မန်းတောက်ဈေး၊ ခေါင်တိုင်ဈေး၊ ခေါင်တိုင်ရေပူ၊ ပန်းထောင်ဈေး၊ အင်းတိုင်ဈေး၊ နန့်ပန် ဈေးကဲ့သို့ ဈေးဝင်လမ်းများ၊ ချောင်းများ၊ ကျေးစား၊ မင်းချောင်း၊ သပြေပင်၊ သလဲဦး၊ ဟဲယာရွာမ၊ အင်းပေါခုံ၊ တာလေးအစရှိသော အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းရှိရာ ဒေသသို့ အနီးအနားကျေးရွာများမှ စက်ဘီးဖြင့်တစ်မျိုး၊ လှေများဖြင့်တသွယ် ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားရေးအတွက် သွားလာမှုလွယ်ကူစေရန် ဆည်မြောင်းဌာနများမှ ချောင်းများတူးဖော် ပေးခြင်း၊ စက်ဘီး၊ ဆိုင်ကယ်လမ်းများ ဖော်ထုတ်တည်ဆောက်ပေးခြင်း အစီအစဉ်ဆောင်ရွက်ပေး နိုင်ရန်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ဖော်ထုတ်ပေးမည်နည်း။ အစီအစဉ်မရှိဘူးဆိုပါက မည်သည့်အတွက်ကြောင့် မဖြစ်နိုင်သည်ကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။