(ဂ)-ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး လုပ်ငန်းနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်ရန် ရှိသည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုသမဂ္ဂသဘောတူ စာချုပ် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် ကလေးသူငယ်အခွင့်အရေးတစ်ရပ်ဖြစ်သည့် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို စွမ်းအားမြှင့်ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ အချက်သုံးချက်ကိုအခြေခံ၍ ကျွန်မ၏မေးခွန်းကို မေးမြန်းပါ့မယ်ရှင်။
(၁) လူမှုဝန်ထမ်းဦးစီးဌာနသည် ကလေးပြုစုစောင့်ရှောက်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနေသော်လည်း ဌာနအကျိုးပြု မူလတန်းကြိုနှင့် နေ့ကလေးထိန်းကျောင်းအချို့သည် ကလေးသူငယ်များကို မိဘများက လာရောက်အပ်နှံရန် ယုံကြည်စိတ်ချရလောက်အောင် အားထုတ် ဆောင်ရွက်ခြင်းမရှိသဖြင့် ဒီနေရာမှာ ကျွန်မဥပမာလေးတစ်ခု ပြောချင်ပါတယ်။ သားလေး တစ်ယောက်ကို အမေတစ်ယောက်ကလာပြီတော့အပ်ပါတယ်။ သားထားပြီးတော့ အမေကပြန်သွားတဲ့ အခါမှာကလေးတို့ထုံးစံငိုပါတယ်။ ကလေးကငို၊ ဆရာကချော့ ကလေးကငို၊ ဆရာကချော့နဲ့ နောက်ဆုံး ဆရာမက မင်းမတိတ်ဘူးလား။ မတိတ်လို့ရှိရင် အနားမှာရှိတဲ့ သစ်သားသေတ္တာကို ပြပြီးတော့ သေတ္တာထဲကို မင်းကိုထည့်ထားမယ်လို့ ဒီလိုခြောက်ပါတယ်။ ခြောက်တော့ ဒါဟာကလေးနဲ့ ဆရာမရဲ့ အားစမ်းပွဲဖြစ်သွားပါပြီ။ အဲ့တော့ ကလေးကလည်း မတိတ်ပါဘူး။ အဲတော့ ဆရာမက တကယ်ပဲ ဒီကလေးကိုမပြီးတော့ သေတ္တာထဲကို ထည့်လိုက်ပါတယ်။ ဒါပေမယ့် သေတ္တာအဖုံးမပိတ်မီမှာပဲ ကလေးရဲ့ငိုသံဟာ တိကနဲပြတ်သွားပါတယ်။ တစ်နေ့လုံးလည်းကောင်းကောင်းနေပါတယ်။ ဒါပေမယ့် နောက်တစ်နေ့ကစပြီးတော့ သူကဒီကျောင်းကို ပို့လို့မရတော့ပါဘူး။ ထိတ်လန့်မှုမပြေနိုင်အောင် အဲဒီလိုခြောက်လှန့်တဲ့ သတင်းမျိုးလေးတွေ တခြားကလေးတွေကို သိမ်သိမ်မွေ့မွေ့ နွေးနွေးထွေးထွေး မစောင့်ရှောက်တဲ့ ထိန်းကျောင်းတဲ့အကြောင်းတွေကို မိဘတွေက တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားတဲ့အခါကျတော့ ဒီကလေးထိန်းဌာနကို ဘယ်မိဘကမှလာပြီးတော့ ကလေးမအပ်တော့ပါဘူး။ အဲတော့ ကလေးတစ်ယောက်မှ မရှိတော့တဲ့ အဲဒီကျောင်းမှာ ကလေးထိန်းကျောင်း တာဝန်ယူ ထားတဲ့သူက ဒီအဆောက်အအုံကို ကိုယ်ပိုင်အိုးအိမ်သဖွယ် အသုံးပြုနေခြင်းမျိုးများ။
(၂) ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေး သောသူကိုဆိုလိုခြင်းဖြစ်ရာ ထိုကလေးသူငယ် လူမမယ်ကလေးများအပေါ် စာနာဂရုဏာမထားအား နဲ့ဝန်မမျှအောင်ခိုင်းစေခြင်း၊ လိင်အလွဲသုံးစားပြုကျင့်ခြင်း စသည်တို့ကဲ့သို့ လူ့ကျင့်ဝတ် ပျက်ပြား လာမှုများ။
(၃) ကလေးများ၏ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးဟာ ဘာပယောဂမှ မကပ်ညိ၊ ဘာအရောင်မှ မစွန်းထင်းရင် မညံ့ဖျင်းပါ။ မြင်လည်းမြင်တတ်ပါတယ်။ ကြားလည်း ကြားတတ် ပါတယ်။ အတုလည်းယူတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်မအဖြစ်ကလေးတစ်ခု ပြောချင်ပါတယ်။ ကျွန်မတို့အိမ်နဲ့ မနီးမဝေးမှာ အလယ်တန်းကျောင်း တစ်ကျောင်းရှိပါတယ်။ ဒီအလယ်တန်းကျောင်းမှာ ထမင်းစားချိန်မျိုး၊ ကျောင်းဆင်းချိန်မျိုး၊ ညနေကျောင်းဆင်းချိန်မျိုးမှာ မူလတန်းကျောင်း၊ မူလတန်း ကလေးတွေကို ၁၅ မိနစ်စောပြီးတော့ ဆင်းပေးလေ့ရှိပါတယ်။ တစ်နေ့ကျွန်မ ကျွန်မရဲ့ရှေ့က မြက်ပင်တွေကို လမ်းဘက်ကျောပေးပြီးတော့ မြက်ထိုင်နုတ်နေတော့ ကျောင်းဆင်းလာပါတယ်။ သူငယ်တန်းကလေးတွေ ကလေးတို့သဘာဝဆူညံပြီး ဆော့ကစားပြီးပြန်လာကြတယ်။ အဲဒီအထဲမှာ မိန်းကလေးသုံး၊လေးယောက်ကို ယောက်ျားလေးသုံး၊လေးယောက်က စလာပုံရပါတယ်။ မိန်းကလေး တွေက ကတ်ကတ်လန်အောင် မင်းတို့ကို တိုင်ပစ်မယ်၊ တိုင်မယ်နဲ့ အဲဒီလိုပြောတယ် ပြောတော့ ယောက်ျားလေးတန်မဲ့ ဘာပြောလဲဆိုတော့ ဘာလဲတဲ့ အမျိုးသမီးရေးရာကိုလားလို့မေးပါတယ်။ အဲဒါ ကျွန်မလည်းလှည့်ကြည့်လိုက်တော့ လူလေးက ၁ တောင့်၊ ၁ မိုက်လောက်ပဲ ရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ ဒါမူလတန်း၊ သူငယ်တန်းကလေး ရှိလှမှသူက ပထမတန်းပါ။ ဒါပေမယ့် သူက အမျိုးသမီး ရေးရာလို့ သုံးလိုက်တော့ ကျွန်မတော်တော်အံ့သြသွားတယ်။ နောက် အဲလိုပဲ ကလေးတွေလာကြတယ် နောက်တစ်သုတ်ကျတော့ တစ်မျိုးပါ၊ ယောက်ျားလေးတွေက စလာတယ် သူတို့ကို နင်တို့က ဆရာမ နားကပ်ပြီးတော့ ညာနေတာပဲ ဘာညာနဲ့စတော့ ဒီကလေးမလေးတွေက ဘာပြန်ပြောလဲဆိုတော့ ငါတို့က ဆရာမခိုင်းတာကို လုပ်ပေးနေတဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေလို့ ပြောပါတယ်။ လူနဲ့ စကားလုံးနဲ့ဆို စကားလုံးကတောင်ကြီးနေပါဦးမယ်။ ဒါဟာကလေးတွေဟာ ခေတ်ကလေးတွေဟာ မြင်လည်း မြင်လာတတ်ပါတယ်။ ကြားလည်းကြားတတ်ပါတယ်။ အတုခိုးပြီးတော့လည်း သူတို့ ယူတတ် ပါတယ်ဆိုတာလေးကို ကျွန်မပြောတာပါ။ အဲဒီလို ဉာဏ်သွက်၊ နှုတ်သွက်တဲ့ ကလေးများကြားမှာ ကလေးတို့ဘာဝအချင်းချင်း အိမ်သာကို အပြင်က ဂျက်ထိုးပိတ်ထားတာမျိုး၊ ကြီးသူက သူ့ထက် ငယ်သူကို ပါးရိုက်၊ ကုတ်ဖဲ့၊ အနိုင်ကျင့်တာမျိုးတွေဖြစ်လာတဲ့အခါမှာ အတန်းပိုင်ဆရာမက လွန်ကျူး တဲ့ကလေးရဲ့ မိဘများပေးတဲ့လာဘ်လာဘကို ထောက်ထားပြီး တပည့်ခြင်းအတူတူ ခံရသူကလေး ကိုသာ ဖိနှိပ်၊ မညီမမျှဘက်လိုက်လို့ ကျောင်းပြောင်းနိုင်တဲ့ကလေးက ကျောင်းပြောင်းသွား၊ မပြောင်း နိုင်တဲ့ကလေးက ကျောင်းထွက်နဲ့ ဖြစ်ကြရပါတယ်။
(၃) အချက်ဟာ ကျောင်းနေအခြေခံ ပညာရေးကိစ္စဖြစ်သော်လည်း ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးမှာ ဒီမူလတန်းကျောင်းသား ကျောင်းသူကလေးများလည်း အကျုံးဝင်နေပါတယ်။ ဒါ့ကြောင့် ဒီလိုအကာအကွယ်မဲ့ ကြုံတွေ့နေရရှာသော မူလတန်းကလေးသူငယ်များ ထိုအချက်များနှင့် ပတ်သက်၍ ဘက်ပေါင်းစုံ၌ ကလေးသူငယ်ဆိုင်ရာဖွံ့ဖြိုးမှု၊ ကာကွယ်စောင့်ရှောက်မှုများကို မည်သို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သို့သော မူဝါဒများ၊ ဥပဒေများရေးဆွဲထားရှိကြောင်း၊ မည်သို့ထပ်မံ ဆောင်ရွက်ရန်ရှိကြောင်းများကို သိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။