(ဃ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိ ချောင်းကြီးချောင်း၊ နက်နန်းချောင်းအစရှိသော ကျေးရွာများစွာတည်ရှိရာ မြစ်ချောင်းများအတွင်း ရွှေမျောများခိုးတိုက်နေကြခြင်း လုံးဝမရှိစေရေးဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ဟုမ္မလင်းမြို့နယ်အတွင်း ချောင်းကြီးချောင်း၊ နက်နန်းချောင်း၊ နန်ထိန်ကွန်းချောင်း၊ နန်းမော်ချောင်း ဆိုပြီးမှ ရေဆင်းဒေသများစွာရှိပါကြောင်း၊ ၎င်းရေဆင်းဒေသများစွာသည် ကျေးရွာများတစ်ဆင့်၊ ကမ်းဘေးတွင် ဒေသမှာရှိသည့် ကျေးရွာပြည်သူများသည် ထိုချောင်းများကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်စားသောက်ကြပါကြောင်း၊ ယခုအခါ ထိုရေဆင်းဒေသများတွင် ရွှေမျောများ တရားမဝင်ခိုးတိုက်ကြပါသဖြင့် ရေလမ်းကြောင်းများပိတ်၍ နွေရာသီတွင် ကျေးရွာများအတွင်း ရေဘေးအန္တရာယ်ကျ ရောက်နိုင်သည့်အခြေအနေကို ကြုံနေရပါကြောင်း၊ မိုးရွာ သည်နှင့်တစ်ပြိုင်နက် ရေဆင်းများပိတ်ပြီး တချို့ရွာများတွင် ရေများအောင်းခြင်း၊ လယ်များအတွင်း ရေအောင်းခြင်းများ ကြုံနေရပါကြောင်း၊ မြို့နယ်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်သွားရောက် တားမြစ်သော်လည်း ရပ်ဆိုင်းသွားခြင်းမရှိဘဲ တားမြစ်သူများကိုပင် ဘေးအန္တရာယ်နှင့် ကြုံနိုင်သည့် အင်အားစုအဖြစ် တိုးပွားလာသည်ကို တွေ့ရှိရပါကြောင်း၊ စစ်ဆေးရေးလာလျှင် ရပ်ဆိုင်း ဖြုတ်သိမ်း ထားပြီး ပြန်သွားပြီဆိုလျှင် ဆက်လက်မောင်းမြဲ၊ တိုက်မြဲဖြစ်နေသည်မှာ အံံ့သြစရာ ဖြစ်နေပါကြောင်း၊ မြစ်၊ ချောင်းရေဆင်းများအတွင်း ရွှေမျောများခိုးတိုက်ခြင်း လုံးဝရပ်ဆိုင်းသွားရန် အထူးအစီအစဉ် ချမှတ်ပြီး ဆောင်ရွက်သွားမှသာ ရေဆင်းများကောင်းမွန်လာပြီး လယ်/ယာများပျက်စီးမှုကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊
ရွှေမျောများကို တရားမဝင်တိုက်နေသည့်အတွက် မိမိတို့နိုင်ငံတော်အတွက်လည်း ဘဏ္ဍာငွေ မရပါကြောင်း၊ ၎င်းရွှေမျောများ တိုက်လိုက်သည့်အတွက် ရေဆင်းများမှာလည်း ပျက်စီးပြီး ချောင်းကမ်းများ ပျက်စီးပါကြောင်း၊ ချောင်းကမ်းများ ပြုပြင်ရန်တောင်းပြီဆိုလျှင် နိုင်ငံတော် ဘတ်ဂျက်ကုန်ခြင်းမျိုးကိုလည်း ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ရွှေမျောလုပ်သားများဘက်မှ သူတို့အတွက် တစ်ပိုင်တစ်နိုင်လုပ်ပိုင်ခွင့်ဆိုသည့် မျှော်လင့်ချက်ကိုလည်း ယခုထိ မျှော်လင့်နေကြသည်ကိုလည်း တွေ့မြင်ကြရပါကြောင်း၊ ထို့ကြောင့် ချောင်းကြီး၊ နန်ထိန်ကွန်း၊ နန့်ဇကားချောင်းများသည် ဥရုမြစ်ထဲတွင်စုဝင်ကြပြီး နက်နန်းချောင်းက ချင်းတွင်းမြစ်ထဲကို စီးဝင်ပါကြောင်း၊ ဟုမ္မလင်းမြို့ထဲတွင် သူ့၏ရေဝင်ရေလက် တက်များကို ဖျက်ဆီးခံနေရသည့်အတွက် ဥရုမြစ်ကြီး တစ်ခါပျက်စီးပြီးမှ ချောင်းရေသည် နောက်ကျိနေသည့်အတွက် ဥရုမြစ်ကြီး ကယ်တင်ရန်လည်း အရေးကြီးနေခြင်းနှင့် ချောင်းကြီးချောင်းတွင်ရှိသည့် ရွှေမျောတိုက်ခြင်းကိုလည်း မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။