(ခ)-သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား ထိရောက်ပြင်းထန်စွာ အမြန်ဆုံးအပြစ်ပေးနိုင်ရေးနှင့် သက်ငယ်မုဒိမ်းမှုလျော့ကျရေး မည်သို့သော အစီအစဉ်များဖြင့် အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

ရက်ပိုင်း၊ လပိုင်းအတွင်း ယဉ်ကျေးသည့်လူ့အဖွဲ့အစည်းများနှင့် မည်သို့မှ လက်ခံနားလည် ပေးစရာမရှိသည့် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုသတင်းကို သတင်း၊ ဂျာနယ်များနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် မြင်တွေ့နေရပါကြောင်း၊ သက်ငယ်မုဒိမ်းကျူးလွန်သူများကို ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် အရေးယူအပြစ်ပေးရန်နှင့် တချို့ဆိုလျှင် သေဒဏ်အထိအပြစ်ပေးရန် တောင်းဆိုလှုပ်ရှားမှုများကို တွေ့ရှိလာရပါကြောင်း၊ ထို့ကြောင့် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများနှင့် ယခုလိုလူမဆန်မှု၊ လူသားအသိဉာဏ် ကင်းမဲ့မှုဆိုသည်များကို လက်မခံနိုင်၊ ခွင့်မလွှတ်နိုင် ဖြစ်နေသည့် ပြဿနာများဖြစ်ပါကြောင်း၊

တချို့နိုင်ငံများတွင် သက်ငယ်မုဒိမ်းကျူးလွန်နေသည့် နေရာတွင် ကျူးလွန်သူဟု စွပ်စွဲခံရသူ၏ အသက်တို့ကိုလည်း ထည့်သွင်းစဉ်းစားသည့်အပြင် ကျူးလွန်မှု၏သက်ရောက်မှု အတိုင်းအတာကို ကြည့်ပြီး ပြစ်ဒဏ်ချမှတ်လေ့ရှိပါကြောင်း၊ အသက် ၁၂ နှစ် သို့မဟုတ် ၁၄ နှစ် အောက် ကလေးသူငယ်များအပေါ် ကျူးလွန်ခြင်းမျိုးဖြစ်လျှင် အဆင့် (၁) သက်ငယ်မုဒိမ်း (First Degree Minor Rape) ဟု သတ်မှတ်ပြီး အကြီးမားဆုံးနှင့် အမြင့်မားဆုံးပြစ်ဒဏ်ကို ချမှတ်လေ့ရှိပါကြောင်း၊ အသက် ၁၂ နှစ် သို့မဟုတ် ၁၄ နှစ်အထက်အပေါ် ကျူးလွန်သည့် သက်ငယ်မုဒိမ်းမှုများကို ချမှတ်သည့် အကြီးဆုံးသော ပြစ်ဒဏ်မှုကို လေ့လာကြည့်မည်ဆိုလျှင်လည်း သေဒဏ်အဖြစ် သတ်မှတ်ထားသည့် နိုင်ငံအနည်းငယ်ရှိပါကြောင်း၊ အများစုက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ပြီး လွတ်ရက်၊ လျှော့ရက်ခံစားခွင့် လုံးဝမရှိဆိုသည့် ပြစ်ဒဏ်မျိုး ချမှတ်ခြင်းများကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေတွင် ယခုအသက်အပိုင်းအခြားပေါ် မူတည်ပြီး ချမှတ်သည့် ပြစ်ဒဏ်မျိုးကို တိတိကျကျပြဋ္ဌာန်းထားခြင်း မရှိသေးပါကြောင်း၊ ပိုမိုပြီး စိုးရိမ်စရာကောင်းသည့် အချက်မှာ ကျူးလွန်သူသည် ထောင်လျှော့ရက်များ၊ လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ထောင်ထဲတွင် ခေတ္တသာနေရပြီး ပြန်လည်လွတ်လာခြင်းမျိုးများ ဖြစ်ပါကြောင်း၊ ယခုလို ခံစားခွင့်များကြောင့် ကျူးလွန်သူသည် ပြစ်ဒဏ်ကိုစိုးရွံ့ခြင်းမရှိဘဲ ထောင်မှပြန်လွတ်လာသည့်အချိန်တွင် ကလေးငယ်နှင့် မိသားစုများအပေါ် ခြိမ်းခြောက်ခြင်းမျိုးများ ရှိခြင်းကြောင့် တိကျသောဥပဒေမျိုးကို ပြင်ဆင်ပြဋ္ဌာန်းသင့်ပါကြောင်း၊

နောက်တစ်ချက်အနေဖြင့် သက်ငယ်မုဒိမ်းကျူးလွန်ခံရသည့် ကလေးများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူကလေးငယ်များ ပါဝင်နေသည်မှာ အထူးဝမ်းနည်းစရာ ကောင်းပါကြောင်း၊ ယခုလို ကာကွယ်နိုင်စွမ်းအား နည်းနေသည် ကလေးများကိုမှ ပစ်မှတ်ထားပြီး အကြမ်းဖက်မှုများ၊ စော်ကားမှုများ ရှိနေခြင်းသည် ရပ်ရွာအတွင်း လုံခြုံမှုအားနည်းခြင်းကို ပြသနေပါကြောင်း၊ ယခုလို ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသည့် ကလေးများ တွေ့ကြုံရသည့်ပြဿနာက ကျူးလွန်ခဲ့သည့် အဖြစ်အပျက်ကို သေသေချာချာ ပြန်လည်မပြောနိုင်သည့် ပြဿနာဖြစ်ပါသည့်အပြင် ၎င်းတို့နေထိုင်သည့် ကျေးရွာ၊ မြို့နယ်၊ အမှုစစ်သည့် ခရိုင်ရုံးချိန်းသွားရသည့်အခါအတိုင်း ငွေကြေးအားဖြင့်ဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ အခက်အခဲများ များစွာတွေ့ရှိရပါကြောင်း၊ ယခုလိုအချက်များကြောင့် ကျူးလွန်ခဲ့သည့်တရားခံများသည် အပြစ်ကမလွတ်မြောက်သင်‌့ဘဲ လွတ်မြောက်နေခြင်းကို တွေ့ရှိရပါကြောင်း၊

စိတ်မကောင်းစရာတွေ့ရှိရသည့် အချက်တစ်ချက်က မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှိရင်းစွဲဖြစ်သော အယူအဆများမှာ ကျူးလွန်သူများအပေါ် အပြစ်မတင်ဘဲ ခံရသူ၏ဝတ်စားဆင်ယင်မှုကြောင့်ဟု သုံးသပ်လေ့ရှိသည့် အချက်ပင် ဖြစ်ပါကြောင်း၊ ကျူးလွန်စော်ကားခံရသည့်အမှု တော်တော်များများသည် အသက် ၁၀ နှစ်အောက်နှင့် တချို့ဆိုလျှင် သုံးနှစ်အောက်ကလေးများ ဖြစ်ကြပါကြောင်း၊ ၎င်းကလေးများသည် ကလေးစိတ်သာရှိပြီး မြှူဆွယ်ရန် သိနားလည်သည့် အရွယ်မဟုတ်သေးပါကြောင်း၊ ယခုလို လွဲမှားသည့် အယူအဆများကြောင့် ကျူးလွန်ခံရသူ မိသားစုများသည် လွဲမှားသည့်အယူအဆအောက်တွင် ခေါင်းငုံ့ခံနေကြရပါကြောင်း၊ သက်ငယ်မုဒိမ်းဖြစ်ပွားခြင်း၏ အဓိကအကြောင်းများတွင် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှုနှုန်းများ မြင့်မားလာနေခြင်း ဆိုသည့်အချက် ပါဝင်ပါကြောင်း၊ ၂၃-၁၁-၂၀၁၇ ရက်နေ့က နေပြည်တော်၌ ကျင်းပသော အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ အတည်ပြုရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်မှုနှင့် သုံးစွဲမှုများသည် လူသားများ၏ ကျန်းမာရေးနှင့် အေးချမ်းစွာ နေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက် လျက်ရှိပါကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများကို နေရာတိုင်းတွင် အလွယ်တကူဝယ်၍ ရနေခြင်းသည်လည်း လူများ၏ ကိုယ်ကျင့်သိက္ခာကို အလွယ်တကူချိုးဖောက်နိုင်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေပါကြောင်း၊ ယောက်ျားတစ်ယောက်၏ ကိုယ်ကျင့်သိက္ခာသည် အမျိုးသမီးဘဝကို အထူးလုံခြုံစေသည့် အတွက်ကြောင့် တိုင်တန်းသည့် အဓမ္မခံရသူ၊ အသတ်ခံရသူများအတွက် အမြင့်ဆုံးသေဒဏ် ချမှတ်စေသော အရွယ်မရောက်သည့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့်ဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားသည်ကို ကြားသိရပါသဖြင့် မေးမြန်းရခြင်း ဖြစ်ပါသည်။