(င)-ကျောက်တော်မြို့အရှေ့ဘက် ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ သမိုင်းဝင်တောင်ပေါက်ကြီး တောင်တန်းများ ဖြိုချနေသည့်ကိစ္စအား ပြန်လည်သုံးသပ်ပြီး တားမြစ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(င)-ကျောက်တော်မြို့အရှေ့ဘက် ဒေါင်းတောင်ယိုးကျေးရွာအနီးရှိ သမိုင်းဝင်တောင်ပေါက်ကြီး တောင်တန်းများ ဖြိုချနေသည့်ကိစ္စအား ပြန်လည်သုံးသပ်ပြီး တားမြစ်ပေးနိုင်ခြင်းရှိ/မရှိ၊ ရထားလမ်း စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်း တူးဖော်ရောင်းချနေမှုများသည် ဥပဒေနှင့်အညီ သက်ဆိုင်ရာမှ လုပ်ပိုင်ခွင့်ချပေးထားခြင်းဟုတ်/မဟုတ်နှင့် ၂၀၁၀ ခုနှစ်မှစကာ စဉ်ဆက်မပြတ် တူးဖော်ရောင်းချငွေ များအား နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သို့မည်ပုံ အသုံးချနေကြကြောင်းကို ပွင့်လင်းမြင်သာအောင် ချပြနိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောက်တော်မြို့၏ အရှေ့ဘက်နှစ်မိုင်ကျော်တွင် တောင်ပေါက်ကြီး တောင်တန်းရှိပါကြောင်း၊ ၎င်း တောင်တန်းသည် အင်္ဂလိပ်လက်ထက်တွင် Burmese အက္ခရာနှင့် ရေးထိုးထားသည့် ကျောက်စာ တစ်ချပ်ကြောင့် ယနေ့ ရခိုင်စာပေယဉ်ကျေးမှု နယ်ပယ်တွင် လူများစိတ်ဝင်စားသည့် ထင်ရှားသော တောင်တစ်တောင်ဖြစ်ပါကြောင်း၊ ၂၀၀၉ ခုနှစ် မင်းဘူး-စစ်တွေ ရထားလမ်းစီမံကိန်း စလုပ်သည့်အခါမှာ ၎င်းတောင်ကို စတင်ဖောက်ပါကြောင်း၊ သို့သော်၎င်းရထားလမ်းစီမံကိန်းသည် အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း တောင်ကို ဖြိုနေသည့်လုပ်ငန်းများမှ ယနေ့အချိန်ထိ ဆက်လက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ သက်ရင့်ကျောက်များထွက်သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးဝင်ပါ ကြောင်း၊ မိမိတို့ဒေသတွင် ကျောက်ကျင်းတစ်ကျင်းကို ၃၅၀၀၀ ခွဲအထိပေးဝယ်ရပါကြောင်း၊ ထို့ကြောင့် ၎င်းတောင်ဖြိုဖျက် နေသည်ကို ရပ်ဆိုင်းပေးရန်နှင့် တောင်ဖြိုမည့် လုပ်ငန်းစဉ်များကို မည်သည့် ပုံစံမျိုးနှင့်ချထားပေး၍ ၂၀၁၇ ခုနှစ် နောက်ဆုံးလအထိ တူးဖော်ရေးလုပ်သည့် လေး၊ ငါး၊ ခြောက်နှစ် အတွင်း တစ်ရက်ကို ကျောက်ကျင်းပေါင်း ၁၀၊ ၂၀ ထွက်သဖြင့် များပြားသည့် ငွေကြေးပမာဏများကို မည်သည့် ပုံစံမျိုးနှင့်အသုံးချ၍ မည်ကဲ့သို့စီမံခန့်ခွဲနေသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။