(ခ)-ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အချို့သောအခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်ပေးရန်မေးခွန်း
လှိုင်သာယာမြို့နယ်အတွင်း၌ အချို့သောမူလတန်းကျောင်းများမှာ အုတ်နံရံများ၊ ကြမ်းခင်းများပျက်စီးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၄၅ မြို့နယ်တွင် လည်း အလားတူချို့ယွင်းပျက်စီးလျက်ရှိသော စာသင်ကျောင်းများရှိကြမှာလည်းဖြစ်ပါတယ်။ အဆိုပါ ချို့ယွင်းပျက်စီးနေသောကျောင်းများကို လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ တစ်နိုင်တစ်ပိုင်ပြုပြင်လျက်ရှိကြပါတယ်။ ယခုဘဏ္ဍာရေးနှစ် အတွင်းမှာလည်း သက်ဆိုင်ရာဝန်ကြီးဌာနအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုပြင်မည့် ကျောင်းများအားသိရပါက ထိုပြင်ဆင်ကျောင်းများစာရင်းတွင် မပါသေးသည့်ကျောင်းများအနက် အချို့ကိုကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများက တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းပြုပြင်ပေးနိုင်ကြမှာဖြစ်ပါတယ်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးတွင် ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ပေး မည့် ကျောင်းများစာရင်းအားသိလိုပါ၍ ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် အလားတူစာသင်ကျောင်း ဆောင်များနှင့် ကျောင်းသားဦးရေမမျှတသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကြပ်တည်းစွာ ပညာသင်ကြားနေကြရသဖြင့် ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်ပေးရန်လည်းအစီအစဉ် ရှိ၊ မရှိကိုသိလိုပါကြောင်း မေးမြန်းပါသည်။