(က)-ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရေးနှင့်လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ထုတ်ပေးနိုင်ရေးကို မည်သို့ဆောင်ရွက်လျက်ရှိပြီး တောင်ယာမြေများထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးစီမံကိန်း တစ်ရပ် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းလာစေရေး၊ အတည်တကျတောင်ယာစိုက်ပျိုးမြေများ တိုးတက် လာစေရေးနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်ရေးကို မည်သို့အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိပြီး တောင်ယာမြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးစီမံကိန်း တစ်ရပ် အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ကျွန်တော့်အနေနဲ့ ဖြစ်ပေါ်တိုးတက်လာတဲ့ ဒီမိုကရေစီပုံရိပ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းမှု အပြည့်အဝရောက်ရှိလာတော့မယ့် အချိန်အခါနှင့်အညီ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးကို လည်းကောင်း၊ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ပြည်မပြည်နယ်မကျန်၊ လူနည်းစုလူများစုမကျန်၊ တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒနဲ့လည်းကောင်း၊ အကျိုးခံစားမှုရရှိစေဖို့အတွက် လည်းကောင်း၊ တောင်ယာမြေနဲ့တောင်ယာမြေကိုအခြေပြု စိုက်ပျိုးရေးလုပ်ကိုင်စားသောက်ကြတဲ့ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွားကို ရှေးရှုပြီးတော့ မေးခွန်းသုံးခုကို မေးမြန်းတင်သွင်း သွားမှာွဖစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်ယာမြေရဲ့ အနက်အဓိပ္ပာယ်ကို ယခင်ကတော့ ရွှေ့ပြောင်းတောင်ယာတစ်ခုသာ အနက်အဓိပ္ပာယ်ဖွင့်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ ရွှေ့ပြောင်းတောင်ယာနဲ့ အတည်တကျ စိုက်ပျိုးတဲ့ တောင်ယာဆိုပြီးတော့ ဒီလိုပဲ အသိအမှတ်ပြုလာခဲ့ကြပါတယ်။ တကယ်တော့ ရွှေ့ပြောင်း တောင်ယာဟာ ခေတ်မမီတော့တဲ့ စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်တဲ့အတွက် ဆိုးကျိုးများရှိခဲ့ပါတယ်။ တောခုတ်ရတဲ့အတွက် သစ်တောများပြုန်းတီးပါတယ်။ လုပ်အားတွေဆုံးရှုံးပါတယ်။ မီးရှို့ရတဲ့အတွက် ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိပါတယ်။ လေထုညစ်ညမ်းမှုတွေဖြစ်ပါတယ်။ အတည်တကျမဟုတ်တဲ့အ တွက် နေရထိုင်ရရွှေ့ပြောင်းရတဲ့အတွက် အတည်တကျမရှိပါဘူး။ ပိုင်ဆိုင်မှု၊ လုပ်ပိုင်မှုအနေနဲ့လည်း ရွှေ့ပြောင်းတောင်ယာကို သတ်သတ်မှတ်မှတ် လုပ်ပိုင်ခွင့်ထုတ်ပေးနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီရွှေ့ပြောင်းတောင်ယာစနစ်ဟာ ဖွံ့ဖြိုးမှုနောက်ကျ၊ စီးပွားရေးတွက်ခြေမကိုက်တဲ့ အတွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ ဒီရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းပပျောက်ဖို့ အတွက် မေးခွန်း(၁)ကို ကျွန်တော်အခုကို မေးချင်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစနစ် တဖြည်းဖြည်း လျော့နည်းလာစေရန်နဲ့ အတည်တကျ တောင်ယာစိုက်ပျိုးမြေများ တိုးတက်ထွန်းကားလာစေရေး အတွက် ဒေသအလိုက် မည်သို့သောအစီအမံများ ချထားဆောင်ရွက်လျက်ရှိသနည်းလို့ ဒီလိုနံပါတ်(၁) အနေနဲ့ မေးခွန်းမေးလိုပါတယ်။ မေးခွန်း(၂)အနေနဲ့ကတော့ ဒီရွှေ့ပြောင်းတောင်ယာ အတည်တကျ တောင်ယာစနစ်ကတော့ ကျွန်တော်တို့ လယ်ယာမြေမှတ်ပုံတင်တွေ ဆောင်ရွက်လို့ရပါတယ်။ ရွှေ့ပြောင်းတောင်ယာကိုတော့ လယ်ယာမြေမှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ ဒီလို လေ့လာ သိရှိရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတွေမှာတော့ လယ်ယာမြေအဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ တောင်ယာဆိုတဲ့ တောင်ယာသည် လယ်ယာမြေထဲမှာပါပါတယ်။ တောင်သူ လယ်သမားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ထဲမှာလည်း မြေယာကိုအခြေပြုလုပ်ကိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ တောင်သူလယ်သမားလို့ ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတွက် ဒီဥပဒေနှစ်ရပ်နဲ့လည်း ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်စားသောက်တဲ့ တောင်သူလယ်သမားတွေဟာ အကျုံးဝင်တယ်လို့ ဒီလို ကျွန်တော် နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်တွေရဲ့ ဒီတောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွား၊ အကူအညီတွေ၊ ဥပဒေအရ အကူအညီတွေ၊ အထောက်အပံ့တွေ၊ အကာအကွယ်ပေးမှုတွေ ဒါတွေကို ပြည့်ပြည့်ဝဝ ခံစားဖို့အတွက် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်တဲ့ တောင်သူလယ်သမားများကို အသိအမှတ်ပြုတစ်ခုခု ဆောင်ရွက်ပေးသင့်တယ်လို့ ဒီလိုမြင်ပါတယ်။

ဒါကြောင့်မို့လို့ မေးခွန်း(၂)ကို ကျွန်တော်ဒီလို မေးချင်ပါတယ်။ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုး လုပ်ကိုင်သူများဖြစ်သော တောင်သူလယ်သမားများအား အတည်ပြုပြဋ္ဌာန်းပြီးသည့် လယ်ယာမြေ ဥပဒေအရလည်းကောင်း၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပ‌ဒေအရလည်းကောင်း၊ ခံစားခွင့်အခွင့်အရေးများနဲ့ ကူညီပံ့ပိုးမှုများအပြည့်အဝ အကျုံးဝင် ခံစားရရှိစေနိုင်ရန် ရွှေ့ပြောင်းတောင်ယာမြေများကို လက်ရှိပိုင်ဆိုင်မှု ဓလေ့ထုံးတမ်းအရဖြစ်စေ၊ အခြားသင့်လျော်သော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ဖြင့်ွဖစ်စေ၊ လယ်ယာမြေလုပ်ကိုင်ခွင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအစီအစဉ်များ မည်သို့ဆောင်ရွက်ရန်ရှိကြောင်း ဒီလို မေးလိုပါတယ်။

တတိယမေးခွန်းကတော့ ကျွန်တော့်အနေနဲ့ ဒီရွှေ့ပြောင်းတောင်ယာတွေကို အတည်တကျ တောင်ယာနဲ့ ရွှေ့ပြောင်းတောင်ယာဒေသတွေကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒနှင့် မေးခွန်းမေးသွားမှာ ဖြစ်ပါတယ်။ ယခင်တပ်မတော်အကြီးအကဲရဲ့ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး အထူးစီမံကိန်းကြီးကို အမြော်အမြင်ကြီးမားစွာနဲ့ဆောင်ရွက်ခဲ့တဲ့ အတွက် ယင်းရဲ့အသီးအပွင့်များဟာ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးစတဲ့ဒေသရှိ တောင်ကတုံး၊ တောင်ခြောက်များစွာ စိမ်းလန်းစိုပြေလာခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်များ တည်ဆောက်ခဲ့လို့လည်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီးတော့ စိုက်ပျိုးရေပါ အကျိုးရှိနေပါတယ်။ ဒါဟာ အထူးစီမံကိန်းကြီးလုပ်ခဲ့တဲ့ သာဓကကို ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ အခုလည်းပဲ ကျွန်တော်တို့ လက်ရှိအခြေအနေမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး မလွဲမသှေရရှိအောင်ဆောင်ရွက်မယ်လို့ ဆိုလာတဲ့အတွက် အပစ်အခတ်ရပ်စဲတဲ့ အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဟာ တောင်တန်းဒေသ ပြည်နယ်တွေမှာ အခြေချလုပ်ကိုင်စားသောက်၊ စစ်ပြေးစစ်ရှောင် တွေဟာလည်း မကြာမီမှာ တောင်ပေါ်ဒေသတွေမှာ အခြေပြုကြရတော့မှာဖြစ်ပါတယ်။ ယင်းတို့ရဲ့ ရပ်တည်ရေးကို နိုင်ငံတော်က အရင်းမတည်ပျိုးထောင်ပေးရမှာလည်းဖြစ်ပါတယ်။ ဒီ့အတွက် လက်ရှိ ရပ်တည်နေကြတဲ့ တောင်ယာလုပ်သားတိုင်းရင်းသားများနဲ့ ရောက်ရှိလာမယ့် ညီအစ်ကိုမောင်နှမ များကို စိုက်ပျိုးရေးဖွံ့ဖြိုးဖို့၊ တောင်ယာလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် စီမံကိန်းကြီးများ ကြိုတင်ချမှတ် ပြီးတော့ ဒီအထူးစီမံကိန်းကြီးကို အကောင်အထည်ဖော်မယ့် တောင်ယာစိုက်ပျိုးမှုဖွံ့ဖြိုးရေးဦးစီးဌာန လိုဟာမျိုး ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ အထူးသင်‌့လျော်မယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးခွန်း(၃)ကို ယခုလို မေးမြန်းအပ်ပါတယ်။ ရွှေ့ပြောင်းတောင်ယာနဲ့ အတည်တကျတောင်ယာမြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှလည်းကောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့မှလည်းကောင်း အထူးစီမံကိန်းကြီးတစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။