(ခ)-ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သမဝါယမချေးငွေများကို မည်သည့်မူ၊ မည်သည့်စည်းကမ်းချက်များအပေါ် အခြေခံသည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မြို့နယ်များမှာ ငွေကြေးနှင့်ပစ္စည်းများကို သမဝါယမဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ထုတ်ချေးပေးအပ် ကြပါတယ်။ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ၎င်းတို့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အရင်းအနှီးမရှိသဖြင့် ပြင်ပမှအတိုးနှုန်းကြီးစွာဖြင့် ငွေချေးခဲ့ကြရပါတယ်။ ယခုအခါ သမဝါယမဝန်ကြီးဌာနက ထုတ်ချေး သည့်ချေးငွေများမှာ အတိုးနှုန်းလျှော့ချပြီး ၁ ကျပ်ပြား ၅၀ နှုန်းဖြစ်တာကြောင့် ကျေးလက်ဒေသနေ ပြည်သူများကမျှော်လင့်လျက်ရှိကြပါတယ်။ ပြည်သူ့လိုအပ်ချက်ကို အမှန်တကယ်ပံ့ပိုးနိုင်ရန် လိုလား လျက်ရှိကြပါတယ်။ ပြည်သူများ အားကိုးရလောက်အောင် ယုံကြည်မှုရှိရန်လည်း လိုအပ်ပါတယ်။ ဒါပေမယ့် ယင်းသမဝါယမချေးငွေနဲ့ပတ်သက်ပြီး ၎င်းတို့ပါတီထဲဝင်မှ ချေးမည်ဟု ပြင်ပတွင် သတင်း များထွက်ပေါ်နေကြောင်း အချို့မှာ ချေးယူသူ၏အမည်၊ မှတ်တမ်းများကိုယူပြီး ယင်းပါတီ Form များ အတွင်း ရေးသွင်းမှုများရှိသည်ဟု ကြားသိနေရကြောင်း သမဝါယမချေးငွေများမှာ အမှန်တကယ် လိုအပ်သော ပြည်သူများလက်ဝယ်သို့ မရောက်ရှိဘဲ လူတစ်စုလက်ဝယ်သို့သာ ရောက်ရှိနေကြောင်း တို့ကို ပြည်သူအချို့က ပြောကြားနေတာကို မီဒီယာများကတစ်ဆင့် ကြားသိရပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် သမဝါယမချေးငွေများကို မည်သည့်မူ၊ မည်သည့်စည်းကမ်းချက်များအပေါ် အခြေခံပါသနည်းဟု မေးမြန်းပါသည်။