(ခ)-သံဖြူဇရပ်မြို့နယ်ရှိ ရွှေဖြူရတနာအမည်ရ တပ်ပိုင်ဂေါက်ကွင်းကို နိုင်ငံပိုင်အများပြည်သူဂေါက်သီး အားကစားကွင်းအဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

ရွှေဖြူရတနာဂေါက်ကွင်းသည် ၁၉၈၁ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ခ.လ.ရ(၃၁) တပ်ရင်းမြေနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေပါကြောင်း၊ ကျင်းကိုးကျင်းပါရှိပြီး မြေဧရိယာ ၉၅.၂၅ ဧကရှိပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်သီဟသူရစစ်မောင် ဗျူဟာမှူးတာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင် အားကစားသမား ၆၀ ကျော်ခန့်နှင့် ရန်ပုံငွေလည်း သိန်း ၆၀ လောက်ရှာထားပေးနိုင်ပါကြောင်း၊ ဝန်ထမ်းညစောင့်တစ်ဦး၊ ကွင်းပြင် လေးဦးရှိပြီး တစ်လ ၂၈၀၀၀၀ ထောက်ပံ့ပေးရပါကြောင်း၊ ခ.လ.ရ(၃၁)ပိုင်မြေအတွင်းမှာရှိပြီး (၁၁)ရပ်ကွက် အတွင်းရှိသဖြင့် သွားရေးလာရေးလွယ်ကူပါကြောင်း၊ ခ.လ.ရ(၃၁)ကို ရေးမြို့နယ် သြဇာရွာသို့ ပြောင်းရွှေ့ခဲ့ သည့် ၂၀၀၅ ခုနှစ်မှစပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသွားသည့်အတွက် ဂေါက်ကလပ်အဆောက်အဦနှစ်ခု နှင့် အလုပ်သမားအိမ်များ ပျက်စီးနေပြီး ခြံစည်းရိုးမကာရံနိုင်သည့်အတွက် ကျွဲ၊ နွားများဝင်ရောက်ပြီး ကျင်းဆိပ် မြက်ခင်းများ ပျက်စီးနေပါကြောင်း၊ ရန်ပုံငွေရှာလိုသော်လည်း တပ်မြေဖြစ်သည့်အတွက် ရှာ၍မရပါကြောင်း၊ ထို့ကြောင့် အများပြည်သူပိုင် ဂေါက်သီးအားကစားကွင်းဖြစ်ခဲ့ပါက န.ယ.ဖ ခေတ်တွင် ထိပ်တန်းအားကစား ကွင်းဖြစ်ခဲ့သည့် ရွှေဖြူရတနာကွင်းကို ယခင်လို ပြန်စည်ကားဖွံ့ဖြိုးရန် အတွက် ဆောင်ရွက်ရာတွင် လွယ်ကူ လာမည်ဟု ထင်ပါကြောင်း၊  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၃၇ ပုဒ်မခွဲ(က) မှာ နိုင်ငံအတွင်းမှာရှိတဲ့ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိသယံဇာတများ၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော် ဖြစ်ပါကြောင်း၊ သို့သော် ပုဂ္ဂလိက၊ အသင်းအဖွဲ့၊ ဌာန စသည်ဖြင့် အသုံးပြုရန် အတွက်ကို နိုင်ငံတော် က ပေးထားခြင်းသာဖြစ်ပါကြောင်း၊ ထို့ကြောင့်ရွှေဖြူရတနာဂေါက်ကွင်းကို အများပြည်သူပိုင်ဂေါက်ကွင်းအဖြစ် သို့ ပြောင်းလဲပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။