(က)-ရမည်းသင်းခရိုင် မြန်မာ့စီးပွားရေးဘဏ် အဆောက်အအုံအား ခရိုင်ဘဏ်နှင့် သင့်လျော်သော အဆောက်အအုံအသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

          ကျွန်တော်တို့ ရမည်းသင်းမြို့နယ်ရှိ   ရမည်းသင်းခရိုင်ဘဏ်ခွဲအဆောက်အအုံရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်တဲ့အတွက် ပြုပြင်တည်ဆောက်ရန်လိုအပ်နေပြီ ဖြစ်ပါတယ်။ ယခင်လူနေအဆောက်အဦအား ဘဏ်မှငှားရမ်းသုံး စွဲခဲ့ပြီး ၃၁-၅-၁၉၉၅ ခုနှစ်တွင် ပိုင်ရှင်ထံမှ မြန်မာ့စီးပွားရေးဘဏ်က ဝယ်ယူခဲ့တဲ့အဆောက်အအုံ ဖြစ်ပါတယ်။ ပင်မအဆောက်အအုံရဲ့နောက်တွင် တိုးချဲ့အဆောက်အအုံတစ်ခု ၂၀၀၆ ခုနှစ်က တည်ဆောက်ပေးခဲ့ပါတယ်။ ပင်မအဆောက်အအုံအား မူလလူနေအိမ်ကို ဘဏ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ငွေကြေးခန်း၊ ကွန်ပျူတာခန်း၊ ငှေစုဘဏ်ဌာန၊ စာရင်းဌာနစိတ်၊ ပင်စင်ဌာနစိတ်၊ ငွေလွှဲဌာနစိတ်၊ မန်နေဂျာရုံးခန်းများဖြင့် ဖွင့်လှစ်ဖွဲ့စည်းထားရှိသဖြင့် စားပွဲအပြည့်၊ လူအပြည့်ဖြစ်နေပါတယ်။ ငွေကြေး ကောင်တာရှေ့တွင် ငါးပေခန့်သာကျယ်ဝန်းသဖြင့် Customer များ ကျဉ်းကြပ်စွာဖြင့် ငွေသွင်း/ ငွေထုတ်ဆောင်ရွက်နေရပါတယ်။

          အဆောက်အအုံဟာ နှစ်ပေါင်း ၆၀ ကျော်လာပြီဖြစ်တဲ့အတွက် သံဘာဂျာတံခါးများပျက်စီးခြင်း၊ တံခါးရွက်များပျက်စီးခြင်း၊ ကြမ်းခင်းများ၊ နံရံနှင့်အမိုးများ သက်တမ်းကုန်နေပြီဖြစ်ပါတယ်။ လုံခြုံစိတ် ချရတဲ့အဆင့် မရှိဖြစ်နေပါတယ်။ တိုးချဲ့ဆောင်တွင် စီမံဌာန၊ ချေးငွေဌာန၊ JAB ဌာနစိတ်၊ လက်နှိပ်စက် များ၊ ရုံးသုံးဘီရိုများထားရှိပါတယ်။ အဝင်တံခါးမကြီးများမှာ သံဘာဂျာတံခါးများတပ်ဆင်ထားခြင်း မရှိ၊ အဆောက်အအုံနံရံတစ်ဖက်မှာ အပြင်သို့နိမ့်ပြီးကွာကျတော့မည့် အနေအထားမျိုးရောက်ရှိနေပြီ ဖြစ်ပါတယ်။

          ခြုံငုံတင်ပြရပါက ပင်မအဆောက်အအုံနှင့် တိုးချဲ့ဆောင်တို့၏အနေအထားဟာ လုံခြုံ‌စိတ်ချရ တဲ့အနေအထားမရှိတော့ပါသဖြင့် ယခုလက်ရှိအဆောက်အအုံမှာ အသစ်တည်ဆောက်နိုင်ပါမှ လုံခြုံ စိတ်ချရသောအနေအထားသို့ ရောက်ရှိနေပါ၍ ရမည်းသင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ခရိုင် အဆင်‌့နှင့်လျော်ညီတဲ့ သင့်လျော်သောအဆောက်အဦသစ်တစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ၊ မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးနိုင်မည်ဖြစ်သည်ကို သိရှိလိုပါသဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်  မေးမြန်းပါသည်။