(ဂ)-မြောက်ဥက္ကလာပမြို့နယ်အတွင်း ရေကြီးရေလျှံမှုများသည် အခြေအနေဆိုးရွားနေဆဲဖြစ်ပါသဖြင့် သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးများ ရပ်နားချိန် ကာလအတွင်းမှာ ကျွန်တော့်အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများနှင့် လူထုတွေ့ဆုံပွဲများကို ခြောက်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို လူထုတွေ့ဆုံ ပွဲများမှာ ပြုလုပ်တဲ့အခါတိုင်းမှာ ပြည်သူလူထုအနေနဲ့ ကျွန်တော့်ကို အများဆုံးတင်ပြတဲ့အချက်များ ပေါ်မူတည်ပြီးတော့ ဒီမေးခွန်းကိုမေးရခြင်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့မှာ မြောက်ဥက္ကလာပမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်လမ်းများ ရေကြီး ရေလျှံရေဝပ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ နောက်ဆက်တွဲအကျိုးဆက်ဖြစ်တဲ့ ဝမ်းရောဂါ၊ သွေး လွန်တုပ်ကွေးရောဂါများ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကျွန်တော့်အနေနဲ့ ပြည်သူ့လွှတ်တော်ကို မေးခွန်းမေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်စား သမ္မတရုံးဝန်ကြီးဌာနက ကျွန်တော့်         မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ရာမှာ ဒီမြောက်ဥက္ကလာပမြို့နယ်အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုများ၊ ရေစီးရေလာမကောင်းမှုများ ကင်းလွတ်စေရန်နှင့် ရပ်ကွက်များအတွင်းရေလျှံမှုများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မည်သို့မည်ပုံ အစီအမံများချမှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကျယ် တဝင့်ဖြေကြားခဲ့ပါတယ်။ သို့ရာတွင် ၂၀၁၃ ခုနှစ် မိုးရာသီကာလမှာ ရေကြီးရေလျှံမှုများဟာ မူလက ထက် ၁၀ ရာခိုင်နှုန်းမျှသာသက်သာလာခဲ့ပြီး ၉၀ ရာခိုင်နှုန်းမျှ အခြေအနေဆိုးရွားနေဆဲဖြစ်ပါသဖြင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရေမြောင်းများပိတ်ဆို့နေမှု၊ ရေစီးရေလာမကောင်း၍ ရေကြီးရေလျှံ ရေဝပ်နေမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး အကျိုးဆက်များအဖြစ် လမ်းများပျက်စီးခြင်း၊ သွားလာရေး ခက်ခဲခြင်း၊ ရောဂါဘယများထူပြောခြင်း စသည့်ဒုက္ခများ ပြည်သူလူထုဆက်လက်ခံစားနေရပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရ သူ ပြည်သူလူထု အများဆုံးတက်ရောက်နေရတာကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အခုကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေမှုများကို သက်ဆိုင်ရာက မည်သို့မည်ပုံ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း မြောက်ဥက္ကလာပပြည်သူလူထုကိုယ်စား လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းပါသည်။