(ဃ)-သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို ဖြန့်ဝေပေးသော သက်ဆိုင်သူတို့အားအရေးယူဆောင်ရွက်ရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

 

(ဃ)-သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို တိုင်းနှင်‌့ပြည်နယ်အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူးထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်းမပြုလုပ်ရန် ရပ်ဆိုင်းထားရခြင်းတို့ဖြစ်ခဲ့ခြင်းကြောင့် အဆိုပါအတုသွင်းသူ၊ အတုမှန်းသိလျက်နှင်‌့လက်ခံပြီး ဖြန့်ဝေပေးသောသက်ဆိုင်သူတို့အား ဖော်ထုတ် အရေးယူဆောင်ရွက်ရန်နှင်‌့ နောင်တွင် အလားတူကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

တာဝန်သိသွားဆရာဝန်တစ်ဦးမှ မိမိထံသို့ရောက်လာပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် ဖြန့်ဖြူးထားသည့် Medicaine ထုံဆေးနှင့် အပ်များသည် အတုများ ဖြစ်ကြောင်း၊ အဆိုပါ တင်ပြချက်အပေါ် ၂၃-၈-၂၀၁၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အဆိုပါဆေးနှင့်အပ်တို့ကို ပစ္စည်းအစစ် အမှန်များ ဟုတ်/မဟုတ်စစ်ဆေးပေးရန်နှင့် အကယ်၍ အတုဖြစ်နေမည်ဆိုပါက ပတ်သက်သူအားလုံးကို ဖော်ထုတ် အရေးယူရန် အစီအစဉ်ရှိ/မရှိ ကို ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းခဲ့ပါကြောင်း၊ ၎င်းမေးခွန်း ကို မေးပြီး တစ်ပတ်လောက်အကြာမှ မနေ့ကအထိ ၎င်းဆေးများကို အသုံးမပြုဘဲရပ်ဆိုင်းထားသည်ဟု  သိရှိရပါ ကြောင်း၊ မေးခွန်း၏ဖြေကြားချက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝယ်ယူရေးကော်မတီမှ အဆိုပါအတု ပို့ သည့် ကုမ္ပဏီအား တည်ဆဲဥပဒေအရ တရားစွဲဆိုသင့်ပါကြောင်း မူပိုင်ခွင့်ရကုမ္ပဏီအနေဖြင့် ၎င်းတို့ သဘော ထားမပါဘဲ တင်ဒါယှဉ်ပြိုင်ခြင်းအတွက် တရားစွဲသင့်ကြောင်း ၊ ၎င်းဖြေကြားချက်များကိုသုံးသပ်မည်ဆိုပါက မည်သည့်အရေးယူဆောင်ရွက်ထားခြင်း၊ တရားစွဲဆိုထားခြင်း တစ်စုံတစ်ခုမှ ဆောင်ရွက်ထားခြင်း မရှိသည်ကို အဖြေကြည့်ချင်းအားဖြင့် သိရှိနိုင်ပါကြောင်း၊          ပန်းတောင်းမြို့မြို့မဈေးရှေ့တွင် ဆေးဝါးအတုသုံးစွဲမှုအန္တရာယ် များသည့်အကြောင်း ဖော်ပြထားသည့် FDA ၏ ကြော်ငြာတွင် ဆေးဝါးအတုဆိုးကျိုးများကို ပြည်သူများ သိရှိအောင် ကြော်ငြာထားသော်လည်း ပြည်သူ့ဆေးရုံတွင် သွားဆရာဝန်များသုံးရန်ဖြန့်ဝေထားသည့် ထုံဆေး နှင့် အပ်အတု ဖြစ်နေသည်ကိုတော့ တရားစွဲဆိုသင့်ပါကြောင်း၊ ဖြေကြားထားသော်လည်း  မည်သည့်အရေးယူ ဆောင်ရွက်ခြင်း မှမရှိပါကြောင်း၊ ဆေးဝါးအတုကိစ္စသည် လူ့အသက်များနှင့်သက်ဆိုင်ပါကြောင်း၊ ပစ်ထား၍ ရသည့်ကိစ္စမျိုးမဟုတ်ပါကြာင်း၊ ပြည်သူ့ဆေးရုံများမှ မိမိတို့ပြည်သူကျန်းမာရေးအတွက် သုံးပေးသည့်ဆေးများ အားလုံးသည် ကျန်းမာရေးအတွက်ကောင်းလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုလိုမျိုးဆေးဝါးအတုများကို သွားဆရာဝန်များသုံးရန်ဖြန့်ပေးသည့်ကိစ္စသည် ပြည်သူများ၏ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း၊ ပြည်သူ များ၏ယုံကြည်မှုကို စော်ကားခြင်းဖြစ်ပါကြောင်း၊ ၎င်းဆေးဝါးများကိုမသုံးဘဲ ရပ်ထားလိုက်ရ သည့်အတွက် ကြောင့် နိုင်ငံတော်၏ဘဏ္ဍာများလည်း ဆုံးရှုံးမှာဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးများကို အတုများဖြန့်ပြီး သုံးရန်ပေးထားခြင်းသည် နိုင်ငံ့အတွက်နှင့် ပြည်သူ့များအတွက် ဆိုးကျိုးများ အများကြီးဆက်ဖြစ်စေနိုင်သည့်အတွက် သွားဘက်ဆိုင်ရာ ဆေးနှင်‌့ဆေးပစ္စည်းအတုများကို တိုင်းနှင်‌့ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ဖြူးထားခြင်း၊ အတုမှန်းသိ၍ သုံးစွဲခြင်းမပြုလုပ်ရန် ရပ်ဆိုင်းထားရခြင်း တို့ဖြစ်ခဲ့ခြင်းကြောင့် အဆိုပါအတုသွင်းသူ၊ အတုမှန်းသိလျက်နှင်‌့လက်ခံပြီး ဖြန့်ဝေပေးသောသက်ဆိုင်သူ တို့အား ဖော်ထုတ် အရေးယူဆောင်ရွက်ရန်နှင်‌့ နောင်တွင် အလားတူကိစ္စများ လုံးဝထပ်မံမဖြစ်ပေါ်စေရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။