(င)-ဒလမြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ ရပ်ကွက်တည်ရှိရာနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများအတွက် အဆင့်မြင့်၊ အထပ်မြင့်ဝန်ထမ်း အိမ်ရာစီမံကိန်းများဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒလမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိပြီး မြေကွက် ၂၃၃ ကွက်ရှိသည့် ဝန်ထမ်းအိမ်ရာ ရပ်ကွက်သည် ၁၉၉၉ ခုနှစ်က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့သည့်အချိန်တွင် မြို့ကွက်မြေပုံမှာ ကျန်းမာရေးဝန်ထမ်းများအတွက် ရည်ရွယ်ချက်နှင့် သီးသန့်ပါရှိခဲ့ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကို မြေစာရင်းလွှဲပြောင်းပေးခဲ့ခြင်း မရှိသည့်အပြင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ မြို့မြေစာရင်းတွင်လည်း အမည်ပေါက်မပါရှိဘဲ လက်ရှိမြို့အိုးအိမ် ဦးစီးဌာနပိုင်အဖြစ် တည်ရှိနေသည့် ၃၈ ဒသမ ဧကဧရိယာကျယ်ဝန်းလှသည့် ကျန်းမာရေးဝန်ထမ်း ရပ်ကွက်ကြီးဖြစ်ပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းမိသားစုများ နေထိုင်ရန် အတွက် နိုင်ငံတော်ကလိုင်းပေါင်း ၉၅ လိုင်း၊ အခန်းပေါင်း ၇၆၀ ဆောက်လုပ်ပေးခဲ့ပြီး လက်ရှိ အြခေအနေတွင် လိုင်းပေါင်း ၉၁ လိုင်း၊ အခန်း ၇၂၀ သာ မိသားစုလူဦးရေ ၃၉၃၇ ဦး ဖြစ်သလိုနေကြရသည့် အခြေအနေဆိုက်ရောက်နေပါကြောင်း၊
ယခုအချိန် လိုင်းခန်းအများစုမှာ အကြောင်းအကြောင်းကြောင့် ပျက်စီးယိုယွင်းလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းမိသားစုများ၏ လူနေမှုအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း လွန်စွာနိမ့်ကျပြီး အခြေအနေဆိုးဝါးလျက်ရှိနေပါကြောင်း၊ ပြင်ဆင်ရန်လည်း နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက်ကြောင့် မိမိတို့အစီအစဉ်ဖြင့် ဖြစ်သလိုပြုပြင် နေထိုင်နေရသည်မှာ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရသည့်အပြင် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန၏ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးသန့်မှတ်ချက် ပြုထားသည့်နေရာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပိုင်မြေအဖြစ် Cabinet အစည်းအဝေးများတွင် တောင်းဆိုလျှင် လွှဲပြောင်းရယူနိုင်သည့် အခြေအနေရှိသည်ဟုလည်း သိရပါကြောင်း၊ သို့သော် ယခုအချိန်ထိ လွှဲပြောင်းပေးရန် တောင်းဆိုခြင်း မရှိသေးသည်ကို ထပ်မံသိရှိရပါကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သည် ဝန်ထမ်းအိမ်ရာနှစ် ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပြီးလည်း ဖြစ်ပါကြောင်း၊ ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကိုလည်း နိုင်ငံတော်အစိုးရမှ အားကြိုးမာန်တက် စတင်ဆောင်ရွက်လျက်ရှိရာ တံတားကြီးပြီးမည်ဟုလည်း ယုံကြည်ရပါကြောင်း၊ တံတားကြီးပြီးလျှင် ရန်ကုန်ဘက်ကမ်းက ၁၅ မိနစ် ခရီးသာရှိသည့် ဒလမြို့နယ်အတွက်သာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအတွက် အဆင့်မြင့်ဝန်ထမ်းအိမ်ရာ စီမံကိန်းဖြင့် ဆောင်ရွက်ရန် အလွန်သင့်လျော်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာသာ မဆောက်ဖြစ်ပါက ကျူးကျော်နေထိုင်သူများ ဝင်ရောက်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပျက်စီးယိုယွင်းလျက်ရှိသော လက်ရှိဝန်ထမ်းအိမ်ရာ ရပ်ကွက်တည်ရှိရာနေရာတွင် လွန်စွာနိမ့်ကျလျက်ရှိသော ဝန်ထမ်းများ၏ နေမှု၊ထိုင်မှုအခြေအနေများ တိုးတက်ပြောင်းလဲ စေရန်လည်းကောင်း၊ ဒလမြို့ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများအတွက် အဆင့်မြင့်၊ အထပ်မြင့်ဝန်ထမ်းအိမ်ရာ စီမံကိန်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာအစီအစဉ်တွင် ထည့်သွင်း၍ မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။