(စ)-မိုင်းတုံမြို့နယ် (၂၅)ခုတင်ဆံ့ဆေးရုံသည် သတ်မှတ်ထားသော ခုတင်အသုံးချမှု ၁၅၀ % ထက်ကျော်လွန် နေပြီဖြစ်ပါ၍ ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

 

မိုင်းတုံမြို့၏အရှေ့ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် အနောက်ဘက်တွင် မိုင်းပန်မြို့နယ်တို့ကို သံလွင်မြစ်ဖြင့် ပိုင်းခြားထားပြီး မြောက်ဘက်တွင် မိုင်းပျဉ်း မြို့နယ်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါကြောင်း၊ မိုင်းတုံမြို့နယ်သည် စတုရန်းမိုင် ၂၂၅၂.၂၈၈ မိုင်ကျယ်ဝန်းပြီး မြို့နယ်အတွင်း မြို့နှစ်မြို့နှင့် ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၁၆ ခု၊ ကျေးရွာပေါင်း  ၁၁၄ ရွာနှင့် တပ်ရင်းရှစ်ရင်း အခြေချစစ်ဗျူဟာ တစ်ခုရှိပြီး လူဦးရေ ၇၀၀၀၀ ကျော် နေထိုင်ကြပါကြောင်း၊ ‘ဝ အထူးဒေသ (၂) တပ်စွဲထားရာ ဒေသလည်းဖြစ်ပြီး သွားရေးလာရေး ခက်ခဲသည့် နယ်စပ်မြို့ဖြစ်သည့်အတွက် ဒေသအတွင်း ရှမ်း၊ လားဟူ၊ ဝ ၊ ဗမာ တိုင်းရင်းသားများ နေထိုင်ကြပြီး ကျန်းမာရေးအသိပညာ နည်းမှုကြောင့် အသည်းအသန်ဖြစ်မှသာ ဆေးရုံသို့ပြေးလာကြ သည့်အတွက် ကျန်းမာရေးအသိပညာပေးမှုများ၊ သင်တန်းပေးခြင်းများ အထူးဆောင်ရွက်ပေးရန် လိုအပ်သော ဒေသလည်း ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ် မိုင်းတုံမြို့နယ်ဆေးရုံ၏ ခုတင်အသုံးချမှုနှင့် ဆေးရုံမှတ်တမ်းကို ဝန်ကြီးဌာနအား ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ၂၅ ခုတင်ဆံ့ဆေးရုံတွင် ခုတင်အသုံးချမှုသည် ၁၅၉.၆ ရာခိုင်နှုန်း ရှိနေသည့်အတွက် ခြောက်ဆတိုးလာသည့် လူနာများနှင့် ဝန်ထမ်းများသည် အင်နှင့်အားမမျှတသည့်အတွက် နားချိန်မရှိဘဲ အလုပ်လုပ်နေကြရပါကြောင်း၊ မိုင်းတုံမြို့နယ်ဆေးရုံကို ၁၉၆၂ ခုနှစ်ကတည်းက တည်ဆောက်ထားသည့်အတွက် လက်ရှိအဆောက်အဦတွင် ဒိုင်းများနှင့် အမိုးများအချို့ မိုးယိုပျက်စီးလျက်ရှိနေပြီး ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေပါကြောင်း၊ နဂိုဆေးရုံအဆောက်အဦမှာ ကျယ်ဝန်းသည့်အတွက် လူနာခုတင် ၅၀ ဆံ့ဝင်နေပါသော်လည်း လူနာသည် ၅၀ ထက်မကဘဲ များပြားလာသည့်အတွက် အရေးပေါ်တိုးချဲ့ဆောင်အဖြစ် ၂၄ ပေ x ၉၆ ပေ အုတ်ညှပ်၊နံကပ်တစ်ထပ် တစ်ဆောင်ကို ခုတင် ၂၀ ဆံ့အဆောက်အဦနှင့် လိုအပ်သော ခုတင်၊ ထိုင်ခုံများကို ပြည်သူလူထုအားဖြင့် ၂၀၁၇ ခုနှစ်တွင် ကိုယ်ထူကိုယ်ထ တည်ဆောက်ထားပြီး ဖြစ်ပါကြောင်း၊ ခုတင်အသုံးချမှုမှာလည်း ၁၅၀ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဖြစ်သည့်အတွက် လတ်တလောဆေးဝါး လုံလောက်စွာ ရရှိရန် ဝန်ထမ်းများနှင့် လူနာများမမျှဖြစ်နေသည့်အတွက် ဝန်ထမ်းဖွဲ့စည်းပုံ အမြန်တိုးမြှင့်ပေးရန်နှင့် ဝန်ထမ်း အိမ်ရာခွင့်ပြုချထားပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ (၁) သတ်မှတ်ခုတင်အသုံးချမှု ၁၅၀ ရာခိုင်နှုန်း ပြည့်မီကျော်လွန်နေပြီဖြစ်ပါ၍ ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ (၂) မူလ ဆေးရုံအား ပြင်/ထိန်းဆောင်ရွက်ပေးရန်၊ (၃) ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန်၊ (၄) ပထမဦးစား ပေးအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်မရှိကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။