(ဈ)-ထန်းတပင်မြို့နယ်တွင် စက်ရုံ၊အလုပ်ရုံများ တည်ဆောက်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ထန်းတပင်မြို့နယ်သည် တက်သစ်ကျွန်း၊ ဘောလယ် ကျွန်းဆိုပြီး ကျွန်းနှစ်ကျွန်းရှိပါတယ်။ ကျေးရွာအုပ်စုပေါင်း ၅၉ အုပ်စုရှိပါတယ်။ ကျေးရွာပေါင်း ၂၃၀ ရှိပါတယ်။ တက်သစ်ကျွန်းမှာ ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပါတယ်။ တက်သစ်ကျွန်းနဲ့ လှိုင်သာယာ စက်မှုဇုန်တို့ဟာ တစ်ဆက်တစ်စပ်တည်းရှိတဲ့အတွက်ကြောင့်မို့ တက်သစ်ကျွန်းမှာရှိတဲ့ အလုပ်သမား မိသားစုများဟာ လှိုင်သာယာကိုသွားပြီးတော့ အလုပ်လုပ်ကိုင်ရတဲ့အတွက် မိသားစုများရဲ့ စားဝတ် နေရေးဟာ အဆင်ပြေချောမွေ့လျက်ရှိပါတယ်။ အလားတူပဲ ရေပတ်လည်ဝိုင်းပြီးတော့ ချောင်း၊ မြောင်းတွေနဲ့ဝိုင်းရံလျက်ရှိတဲ့ ဘောလယ်ကျွန်းမှာလည်း ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အဲဒီ ၁၀၀ ကျော်မှာရှိတဲ့ အလုပ်သမားမိသားစုများဟာ လယ်ယာလုပ်ငန်းခွင်လုပ်တဲ့အချိန်ပြီးလျှင်     လေးလ၊ ငါးလလောက်အလုပ်လက်မဲ့နဲ့ နားနေရပါတယ်။ အဲဒီလိုနားနေရတဲ့အတွက်ကြောင့်မို့ ထန်းတပင်မြို့ပေါ်မှာ အလုပ်ရုံ၊ စက်ရုံများအားတည်ပေးမယ်ဆိုရင် ဒီဘောလယ်ကျွန်းမှာရှိတဲ့ အလုပ်သမားမိသားစုများရဲ့ စားဝတ်နေရေးဟာ အဆင်ပြေချောမွေ့လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ဘောလယ်ကျွန်းရဲ့ အလုပ်သမားမိသားစုများ၏ လိုလားတောင့်တချက်အရ တောင်းဆိုရခြင်း      ဖြစ်ပါတယ်။

သို့သော်လည်း  နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချ       ရေးစီမံချက်များ အကောင်အထည်ဖော်ပေးမယ်ဆိုတာရှိတဲ့အတွက်ကြောင့် ထန်းတပင်မြို့ပေါ်မှာ အလျဉ်းသင့်လို့ ဆောင်ရွက်နိုင်မယ်၊ အခွင့်အရေးရှိမယ်ဆိုရင် ထန်းတပင်မြို့ကြီး၌ အလုပ်သမားများ လည်းပေါပါတယ်။ မြေလည်းရှိပါတယ်၊ လျှပ်စစ်သွယ်တန်းတဲ့ အနေအထားနဲ့လည်း နီးပါတယ်။ ဒါ့ကြောင့်မို့လို့ စက်ရုံ၊ အလုပ်ရုံများ အခွင့်သာလို့တည်ပေးမယ်ဆိုရင်တော့ တည်ပေးပါလို့   တင်ပြရင်းနဲ့ယုံကြည်စွာဖြင့်ပဲ ကျွန်တော့်ရဲ့မေးခွန်းကို ဆက်လက်မမေးမြန်းတော့ဘဲနဲ့ ပြန်လည် ရုပ်သိမ်းခွင့်ပြုပါရန် တင်ပြပါသည်။