(စ)-ဒိုက်ပျက်တိုက်နယ်အထက(ခွဲ)ကိုသီးခြားစာစစ်ဌာနသတ်မှတ်ပေးရေးနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-22

ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်မြို့နယ်မှာ တိုက်နယ် ငါး ခုရှိသည့်အနက် ဒိုက်ပျက်တိုက်နယ်ဟာ မြောက်ဘက်အဆုံးတွင်ရှိပြီး ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဟင်္သာတမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပါတယ်။ ဒိုက်ပျက် တိုက်နယ်ဟာ ကျုံပျော်မြို့နယ်နဲ့ ရာသီမရွေးသွားလာနိုင်တဲ့လမ်းကောင်းတွေမရှိဘဲ ပွင့်လင်းရာသီမှာ စက်ဘီး၊ ဆိုင်ကယ်များနဲ့ ဒိုက်ပျက်မှ ချင်းယားမြေသားလမ်း ၇မိုင်၊ ၎င်းမှ ပေ ၃၀၀ ရှိတဲ့ တကချောင်းကိုဖြတ်ကျော်ပြီး သောင်ကြီးကိုကျောက်လမ်း ၇မိုင်၊ သောင်ကြီးမှ ကျုံပျော်အထိ ကတ္တရာ လမ်း ၆မိုင် စုစုပေါင်း မိုင်၂၀ ခရီးဖြစ်ပါတယ်။ မိုးတွင်းအခါမှာဆိုရင် ဒိုက်ပျက်၊ ခမောက်စု၊ အိုင်သပြု၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်သို့ လှည့်ပတ်သွားလာရတဲ့အတွက် မိုင်၄၀ ခန့် ဝေးတာဖြစ်ပါ တယ်။ ဒိုက်ပျက်တိုက်နယ်မှာ ကျေးရွာအုပ်စု ၁၈ စုရှိပြီး၊ ကျေးရွာခွဲပေါင်း ၁၂၃ ရွာမှာ လူဦးရေပေါင်း ၃၆၆၁၆ ဦးနေထိုင်လျက်ရှိပါတယ်။ ဒိုက်ပျက်ကျေးရွာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း တစ်ခုရှိပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ကျောင်းရှိပါတယ်။ ၎င်းကျောင်းဟာ ၁၉၅၂ ခုနှစ်က အ.မ.က အဖြစ်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ အလယ်တန်းကျောင်းအဆင့် တိုးမြှင့်ခံရပြီးတော့ ၁၉၉၆ ခုနှစ်မှာ အ.ထ.က ခွဲဖြစ်လာတာဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုသမိုင်း‌ကြောင်းကိုကြည့်ရင် ၂၀၀၇-၂၀၀၈ ခုနှစ် မှာ ၇၆ ယောက်ဖြေဆိုပြီး ၂၆.၃၂ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ် မှာ ၅၄ ယောက် ဖြေဆိုပြီးတော့ ၂၇.၄၅ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ၆၁ ယောက်ဖြေဆိုပြီး ၂၇.၈၇ ရာခိုင်နှုန်း အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ၇၅ ယောက်ဖြေဆိုပြီး ၃၄.၆၇ ရာခိုင်နှုန်းအောင်မြင်တာကို တွေ့ရှိရပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒိုက်ပျက်အခြေခံပညာအထက်တန်းကျောင်းခွဲမှာ ကိုယ်ပိုင်စာစစ်ဌာန   မရှိတဲ့အတွက် ကျောင်းသားများဟာ ကျုံပျော်စာစစ်ဌာနကို ပတ်လမ်းကတစ်ဆင့် မိုင် ၄၀ ခရီးကိုသွား ရောက်ဖြေဆိုနေပါတယ်။ မော်တော်ယာဉ်အသွားအပြန်ငှားရမ်းခများ၊ နေ့စဉ်စားသောက်စရိတ်များ၊ တည်းခိုရန်နေရာ၊ ရေမီးရရှိရေးအတွက် ကုန်ကျစရိတ်များ ကျောင်းသားတစ်ဦးစီအတွက် များစွာ ကုန်ကျလျက်ရှိပါတယ်။ တည်းဖို့ရာမှာလည်း စုပေါင်းနေထိုင်ရခြင်းအတွက် လွတ်လပ်စွာ စာကျက်နိုင်ခြင်းမရှိသလို ဆရာ၊ ဆရာမအနေဖြင့် အနီးကပ်သင်ပြမှု လုပ်နိုင်ခွင့်အချိန်ထဲက ဈေးဝယ်ထမင်းချက် သိမ်းဆည်းတာဝန်များဖြင့် အချိန်များစွာကုန်နေရပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပညာရေးဌာနမှ ဒိုက်ပျက်အခြေခံပညာအထက်တန်းကျောင်းခွဲအား သီးခြားစာဖြေဌာန တစ်ခု အဖြစ်ချမှတ်ပေးနိုင်မယ့်အခြေအနေ ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။