(ဈ)-တောင်ရိုး၊ ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချို-တောင်းခမ်း-အင်တော-ကျောက်ဂူ-ရပ်စောက်- တောင်ကြီးမော်တော်ကားလမ်းကို ကားကြီး၊ ကားသေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
နောင်ချို-တောင်းခမ်း-အင်တော-ကျောက်ဂူ-ရပ်စောက်-ညောင်ရွှေ-တောင်ကြီးမော်တော်ကားလမ်းဟာ ၁၄၄မိုင် ဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို အတိုဆုံးဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပါတယ်။ ထိုကားလမ်းမှာ ဒုဋ္ဌဝတီမြစ်ကိုဖြတ်သန်းဖောက်လုပ်ထားတဲ့ နာမည်ကျော်ပေ ၁၈၀ အထက် ဒုဋ္ဌဝတီတံတားနောင်ချိုတည်ရှိပါတယ်။ မြန်မာ့ရုပ်မြင်သံကြားမှ မကြာခဏထုတ်လွင့် ပေးနေတဲ့တံတားဖြစ်ပါတယ်။ တံတားတည်ဆောက်သည်မှာ ခုနစ်နှစ်ကြာပြီဖြစ်သော်လည်း နောင်ချို မြို့နယ်အပိုင်း၊ နမ့်လန်မြို့နယ်အပိုင်း၊ ရပ်စောက်မြို့နယ်အပိုင်း သုံးပိုင်းဆိုင်ရာကားလမ်းမှာ မတ်စောက်ခြင်း၊ တစ်တောင်ဆစ်ကွေ့များခြင်းကြောင့် လွန်းထိုးများလုပ်ရခြင်း၊ ကားလမ်းကြမ်းတမ်း သည့်အတွက် ၁၀ ဘီး၊ ၁၂ ဘီးယာဉ်ကြီးများသာသွားလာကြပြီး ယာဉ်ငယ်များတွင်ကျယ်စွာအသုံး မပြုနိုင်တာကိုတွေ့ရှိရပါတယ်။ နောင်ချိုမြို့မှ မန္တလေး၊ မိတ္ထီလာ၊ တောင်ကြီးသို့ပတ်လမ်းသွားမည် ထက် မိုင် ၁၁၀ သက်သာမည်ဖြစ်တဲ့လမ်းဖြစ်ပါတယ်။ အဲဒီလမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း သုံးမြို့နယ်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း အတွက် အဓိကကျတဲ့လမ်းမကြီးဖြစ်ပါတယ်။ ဓနုတိုင်းရင်းသားများအနေနဲ့ မျိုးရိုးစဉ်ဆက်ကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မှာ ဓနု-ဓားပြ၊ ဓနု-သူပုန်၊ ဓနု-ဗကပ အဖွဲ့အစည်းရယ်လို့မရှိခဲ့ပါဘူး။ ရိုးသားလုပ်ကိုင်စားသောက်နေထိုင်ကြတဲ့ တိုင်းရင်းသားများဖြစ်ပါတယ်။ သို့အတွက်ကြောင့် တိုးတက် ဖွံ့ဖြိုးမှုနည်းပါးနေတဲ့ တောင်ရိုး-ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချို-တောင်းခမ်း-အင်တော- ကျောက်ဂူ-ရပ်စောက်-ညောင်ရွှေ-တောင်ကြီး မော်တော်ကားလမ်းအား ကားကြီး၊ ကားသေး ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိမည်ဆို ပါက မည်သည့်အချိန်ကာလတွင်စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။