(ဇ)-စက်ရုံ၊ အလုပ်ရုံများတည်ထောင်ဖွင့်လှစ်ခြင်းကို ခွင့်ပြုပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်အတွင်းနေထိုင်လျက်ရှိကြတဲ့ ဒေသခံအချို့ဟာတစ်ဖက်နိုင်ငံကိုသွားရောက်ပြီးအလုပ် လုပ်ကိုင် လျက်ရှိကြပါတယ်။ ဒေသခံအချို့ဟာ အထည်ချုပ်စက်ရုံ၊ ပရိဘောဂစက်ရုံနဲ့ အခြားစက်ရုံ များမှာ သွားရောက် အလုပ်လုပ်ကိုင်ကြသူဟာအများစု ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ဒေသ အတွင်းမှာအထူးသဖြင့် ဘားအံ၊ မြဝတီတို့ကဲ့သို့ ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိမှု အားသာချက်ရှိတဲ့ မြို့နယ်များမှာ အလားတူစက်ရုံ၊ အလုပ်ရုံများတည်ထောင်ပေးနိုင်လျှင် ဒေသခံ ပြည်သူများအခြားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်မလိုအပ်တော့ပဲ မိမိဒေသအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး အိုးမကွာ၊ အိမ်မကွာနဲ့ သာယာအေးချမ်းစွာနေထိုင် လုပ်ကိုင်နိုင်ကြမှာဖြစ်ပါတယ်။ ဒေသတွင်းလုပ်ငန်းများအား တိုင်းရင်းသားလုပ်ငန်းရှင်များကို သော်လည်းကောင်း၊ တိုင်းရင်းသားနှင့် နိုင်ငံခြားသားလုပ်ငန်းရှင်များဖက်စပ်၍ ကုန်ကြမ်းပေး ကုန်ချောယူစနစ်၊ ဥပမာ- CMP စနစ်ကိုဥပဒေနဲ့အညီ တည်ထောင်ခွင့်ပြုပေးခြင်းဖြင့် ဒေသခံ အလုပ်သမားများအတွက် အာမခံချက်ရှိပြီး အထူးအခွင့်ကောင်းများ ရရှိနိုင်မည်ဟု လေ့လာတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဘားအံ မြို့နယ်၊ မြဝတီမြို့နယ်များတွင် အထည်ချုပ်စက်ရုံ၊ ပရိဘောဂစက်ရုံများ နှင့် အလားတူစက်ရုံများ တည်ထောင်ဖွင့်လှစ်ခြင်းကိုခွင့်ပြုပေးနိုင်ရန်အစီအစဉ် ရှိ၊ မရှိကို သိလိုပါ ကြောင်းမေးမြန်းပါသည်။