(ဃ)-စာသင်ဆောင်များတိုးချဲ့ ဆောက်လုပ်ရန်နှင့် လိုအပ်သောရန်ပုံငွေကို ထပ်မံချပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကရင်ပြည်နယ်အတွင်းမှာ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၀၊ အခြေခံပညာအလယ်တန်းကျောင်းပေါင်း ၇၈ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းပေါင်း ၁၁၇၉ ကျောင်း၊ စုစုပေါင်းကျောင်းပေါင်း ၁၂၉၇ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများဆောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းလိုပါတယ်ခင်ဗျား။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၈၁၃.၂၅ နဲ့ ကျောင်းပေါင်း၅၇ ကျောင်းကို အသစ် ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။
အဲဒီကျောင်းတွေအပြင် ရန်ပုံငွေလုံလောက်မှုမရှိ၍ ပြီးပြတ်အောင် ဆောက်လုပ်နိုင်ခြင်း မရှိသေးသောကျောင်းများ၊ စာသင်ခန်းနှင့်ကျောင်းသားဦးရေ အချိုးမညီသဖြင့် တိုးချဲ့ဆောက်လုပ်ရန်လိုအပ်နေသော ကျောင်းများ၊ ကျောင်းဥပဓိရုပ်များ ပျက်ယွင်းနေပြီး အသစ် ဆောက်လုပ်ရန် လိုအပ်နေသောကျောင်းများ ကျန်ရှိနေပါသေးတယ်။ အဲဒီကျောင်းတွေအတွက် ခွင့်ပြုရန်ပုံငွေများထပ်မံချထားပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။