(ခ)-အစိုးရနှင့်တောတွင်းလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ပါတီစုံအစိုးရမတက်ခင်က တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ဆွေးနွေးကြရာမှာ ယခုတောတွင်း ကျန်ခဲ့တဲ့ အတိုက်အခံလက်နက်ကိုင် အဖွဲ့အစည်းများသည် ပါတီစုံ ပါဝင်သော အစိုးရဖြစ်ပေါ်လာပါက ၎င်း အစိုးရမှ လက်ကမ်းကြိုဆို ဆွေးနွေးမည်ဆိုပါလျှင် ညှိနှိုင်း ဆွေးနွေးမည်ဟု ကြားသိခဲ့ရပါတယ်။ နိုင်ငံတော် အစိုးရကလည်း ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့ နိုင်ငံတော်ပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်ရှင်။ နိုင်ငံတော် အစိုးရက ငြိမ်းချမ်းရေးတံခါး ဖွင့်ထားရုံမျှ မကဘဲနဲ့ ငြိမ်းချမ်းရေးတံခါးအပေါက်ဝမှာ တိုင်းရင်းသား သွေးချင်းလက်နက်ကိုင်များအား နွေးထွေး လှိုက်လှဲပျူငှာစွာ လက်ကမ်းကြိုဆိုပြီး ညှိနှိုင်းဆွေးနွေးသင့်ကြောင်း သဘောရိုးဖြင့် တင်ပြအပ်ပါတယ်ရှင်။ ထိုကဲ့သို့ ညှိနှိုင်းဆွေးနွေးမည့်ကိစ္စကို ပြည်သူအများကလည်း မျှော်လင့် စောင့်စားလျက် ရှိနေကြပါတယ်။ အခု ကချင်ပြည်နယ်မှာသာမက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်စတဲ့ ပြည်နယ်တွေ မှာလည်း ညှိနှိုင်းဆွေးနွေးစေချင်ပါတယ်ရှင်။ ကျွန်မ မေးမြန်းလိုတဲ့မေးခွန်းက အဲဒီ အဖွဲ့အစည်းများနဲ့ ယခုလက်ရှိအချိန်အထိ ဆွေးနွေးမှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ (၂)ယခုအချိန်သည် တိုင်းရင်းသား သွေးချင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးသင့်သည့်အချိန်ကောင်း ရောက်နေပြီဖြစ်သဖြင့် မည်ကဲ့သို့သောပုံစံဖြင့် ညှိနှိုင်းဆွေးနွေးကြပါမည်နည်း။ (၃)မဆွေးနွေးနိုင်သေးဟုဆိုလျှင် အဘယ်ကြောင့် နည်း။(၄)မည်သည့်အခက်အခဲများရှိပါသ နည်း။ (၅)ညှိနှိုင်းဆွေးနွေးရန်နှင့် မူဝါဒများချမှတ်ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။