(ဂ)-ကျန်းမာရေးဝန်ထမ်းများ ပြည်ပမသွားရောက်မီ ငွေကျပ်သိန်း(၅၀)ကောက်ခံသည့် ကတိခံဝန်ချက်ကို ပြင်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကြွရောက်လာသောဝန်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဂါရဝတရား‌ရှေ့ထားပြီး လေးစားစွာနဲ့ နှုတ်ခွန်းဆက်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ဗဟန်းမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်မောင်ဝင့်ဖြစ်ပါတယ်။ ကျွန်တော်မေးချင်တဲ့ မေးခွန်းက တော့ နိုင်ငံခြားသွားရောက်မယ့် ဝန်ထမ်းဆရာဝန်၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများထံမှ ကြိုတင်၍ ကျပ်သိန်း ၅၀ တောင်းခံခြင်းနဲ့စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါတယ်ခင်ဗျား။ ယင်းမေးခွန်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်မှုရှိတဲ့အချက်အလက်အ‌ကြောင်းအရာလေးတချို့ကို အနည်းငယ် အကျဉ်းချုံးပြီး ရှင်းပြခွင့်ပြုပါခင်ဗျား။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဘွဲ့ရဆရာဝန်များ၊ သူနာပြုဝန်ထမ်းများ၊ ကျွမ်းကျင်ဝန်ထမ်းများ ပြည်ပနိုင်ငံများသို့ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ရက်အနည်းငယ်ပင်ဖြစ်သော်လည်း သွားရောက်ရတဲ့အခါမှာ လေ့လာရေးဖြစ်စေ၊ ဆေးကုသမှုဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်သွားတဲ့အခါမှာဖြစ်စေ သွားရောက်လိုပါက ထုတ်ပြန်ထားတဲ့ ကတိခံဝန်ချုပ် Bond များမှာ လက်မှတ်ထိုးရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့စွဲပါစာအမှတ်၊ ၂ /မကသ/၂၀၀၂/ ၁၇၅/ပြည်ပခွင့်/ Ex-Myanmar Leave လျှောက်ထားသူများအတွက် ကတိခံဝန်ချုပ်ဆိုခြင်းကိစ္စ ထိုကတိခံဝန်ချုပ်မှာ မိသားစုအဖွဲ့ဝင်နှစ်ဦး၊ ပြန်တမ်းဝင် အရာရှိသုံးဦးတို့က ပြည်ပသွားရောက်မည့်သူသည် သတ်မှတ်ထားသောနေ့ရက်များတွင် ပြန်လည် ရောက်ရှိမလာပါက ကိုယ်တိုင်ဖြစ်စေ၊ တစ်ဦးချင်းမှဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ တိတိကိုပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပေးဆောင်နိုင်သော အခြေအနေလည်း ရှိပါ ကြောင်း ဖော်ပြ၍သဘောတူလက်မှတ်ရေးထိုးရပါတယ်။ ဒီကိစ္စဟာကျွန်တော်တို့ နိုင်ငံခြားသွားပြီး ပညာသင်ခါစ ၁၉၇၀ ခုနှစ်လောက်က ဒီ Bond ဆိုတာရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပညာရှင် များ ဆိုက်ဆိုက်မြိုက်မြိုက် ကိုယ့်နိုင်ငံအတွင်းကို ပညာသင်ယူပြီး အကြောင်းအမျိုးမျိုးကြောင့် သွားရှိပြီးတဲ့နောက်မှာ ပြန်ရောက်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ အလေအလွင့်မရှိအောင်ထားတဲ့ Bond ဖြစ်ပါတယ်။ ဒီ Bond ကို ကျင့်သုံးတဲ့အခါမှာလည်း  ကျွန်တော်တို့ အတွေ့အကြုံအရတွေ့ ရတာကတော့ ရေရှည်မှာအထူးတလည် အောင်မြင်မှုတော့မရှိပါဘူး။ ပြန်လာမယ့် သူတွေဟာလည်း ပြန်လာကြတာပါပဲ။ ထို့နည်းတူ ပြန်မလာမယ့်သူတွေကလည်း ပြန်မလာကြပါဘူး။ သူတို့အကြောင်း တွေနဲ့သူတို့ရှိကြပါတယ်။ ဒီနေရာမှာကျွန်တော်တင်ပြချင်တဲ့ အချက်ကလေးက အချက်နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ ဆရာဝန်အမျိုးမျိုးအစားစား ရှိပါတယ်။ လူနာကိုဆေးကုတဲ့ပညာနဲ့ လူနာဆေး ကုတဲ့ပညာရပ်မှာ ဘွဲ့ဒီဂရီအတွေ့အကြုံများစသည်ရှိလို့ ဆေးရုံများ၊ဆေးခန်းများမှာ အလုပ်လုပ်နေတဲ့  ဆရာဝန်များလည်း ရှိပါတယ်။ ထို့နည်းတူပဲ ကျွန်တော်တို့ ဆေးတက္ကသိုလ်ကြီးများ၊ သုတေသနအဆောက်အဦကြီးများ၊ သုတေသနဌာနများမှာ ဆေးကုသခြင်းအလုပ်ကို မလုပ်ဘဲနဲ့ ပညာရှင်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်များလည်း အများကြီးရှိပါတယ်။ သူတို့တွေဟာ M.B.B.S ရပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ဘွဲ့လွန်ဒီဂရီများရရှိထားခြင်းဟာ ဆေးကုသခြင်းနဲ့ဆိုင်တဲ့ ပညာရပ်မဟုတ်ဘဲနဲ့ တခြားအခြေခံပညာရပ်တွေမှာသာ M.Sc, Ph.D စသည်ဖြင့် ဘွဲ့များရထားတဲ့ ပညာရှင်များ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ ဆေးကုသခြင်းအလုပ်ကို လုပ်ပင်လုပ်ငြားသော်လည်း ကုသတဲ့ဘက်မှာ ကျွမ်းကျင်လိမ္မာမှုရှိပြီး၊ ဒီအတွက်သင်ယူထားတဲ့ Clinicianများနဲ့တော့ သူတို့ကို တစ်ပြေးညီထားပြီး စဉ်းစားလို့မရတဲ့ အခြေအနေအချိန်အခါလေးတွေရှိပါတယ်။ ဒီလိုဆရာဝန်မျိုးတွေ၊ ဘွဲ့ရထားတဲ့သူနာပြုတွေ အခြားကျွမ်းကျင်ပညာရှင်တွေအတွက် နိုင်ငံခြားသွားခါနီးမှ လတ်တလော သိန်း ၅၀ ရအောင်ရှာပေး Deposit အဖြစ်နဲ့ကြိုတင်ပေးဖို့ရာ အခက်အခဲလေးတွေရှိပါတယ်။ အထူးသဖြင့် မလွဲမသွေပြန်လာမယ့်လူများမှာ အခက်အခဲလေးတွေရှိပါတယ်။ ပြန်မလာဘူးလို့ ဆုံးဖြတ်ထားတဲ့လူတွေကတော့ သူတို့အကြောင်းနဲ့သူတို့၊ သူတို့နည်းနဲ့သူတို့ သူတို့ကြံဖန်လုပ်ဆောင် ထားတာလေးတွေရှိတဲ့အတွက် သူတို့အတွက်တော့ သိပ်မထောင်းသာလှဘူးလို့ ကျွန်တော်တို့မြင်ပါ တယ်။ ဒီထက်ပိုပြီးတော့ အရေးကြီးတဲ့အချက်လေးတစ်ချက်က ကျွန်တော်တို့ဒီ Bond ထိုးတဲ့အခါမှာ ဒီခံဝန်ချုပ်ချုပ်ဆိုတဲ့အခါမှာ ခုနပြောသလို နိုင်ငံခြားသို့သွားရောက်သောသူသည် သတ်မှတ်ထားသော နေ့ရက်တွင်ပြန်လည်ရောက်ရှိမလာပါက ဆိုတဲ့အချိန်ကျမှ ကျွန်တော်တို့ သိန်း ၅၀ လျော်ကြေးပေးရ တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လက်ရှိကျင့်သုံးနေတဲ့ အခြေအနေမှာတော့ ဒဏ်ကြေး ငွေသိန်း ၅၀ ကိုကြိုတင်ကောက်ခံနေခြင်းဖြစ်တဲ့အတွက်ကြောင့် ခံဝန်ချုပ်ပါ ပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိကြောင်းကိုလည်းတွေ့ရှိရပါတယ်။ ဒါဟာ ခုလို အခြေအနေအချိန် အခါမျိုးမှာ ကျွန်တော်တို့အတွက် အထူးတလည်စဉ်းစားပေးရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်တော်ယူဆ တဲ့အတွက် အများရဲ့စိတ်ဝင်စားမှုနဲ့အညီ ကျွန်တော်ကမေးပေးရခြင်းဖြစ်ပါတယ်။ သို့ဖြစ်၍ နိုင်ငံခြား သို့သွားရောက်မည့် ဆရာဝန်၊ ကျွမ်းကျင်ဝန်ထမ်းများထံမှ မသွားမီ ကြိုတင်၍ ကျပ်သိန်း ၅၀ ကောက်ခံနေခြင်းကို ကတိခံဝန်ချက် Bond နဲ့ ဖော်ပြထားသည်နဲ့အညီ ပြင်ဆင်တင်သွင်းရန် အစီ အစဉ်ရှိ၊မရှိ သိလိုပါကြောင်း ကျွန်တော်လေးစားစွာနဲ့ မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးတင် ပါတယ်။