(က)-စစ်တောင်းမြစ်ကူးတံတား ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကျောက်ကြီးမြို့နယ်ဟာ  ကျွန်‌တော်တို့ သောင်းကျန်းသူဘေး အန္တရာယ်ကြောင့် ‌တော်တော်လေး အတိဒုက္ခရောက်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းပဲ ပြီးခဲ့တဲ့နှစ် အတွင်းကပဲ နိုင်ငံ‌တော်ကနေပြီးတော့ ကျွန်တော်တို့ ဒီလမ်း၊ တံတားကွန်ရက်များနဲ့ပတ်သက်လို့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိနေ တဲ့ဝေးလံခေါင်သီတဲ့ဒေသတွေနဲ့ နိုင်ငံ‌တော်ရဲ့အလယ် လမ်းမကြီးတွေကို ဆက်သွယ်နိုင်အောင်ဆိုပြီး တော့မဟာဗျူဟာကျတဲ့ လမ်းတံတားကွန်ရက်တွေကို စတင်ပြီးတော့ ရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။  ကျွန်တော်တို့ရဲ့   ကျောက်ကြီးမြို့နယ် အရှေ့ဘက်မှာ ရှိတဲ့   စစ်တောင်း-မုပ္ပလင်လမ်းမကြီးဟာ ခိုင်မာတဲ့လမ်းအူကြောင်းနဲ့ တံတားတွေရှိခဲ့ပြီး တော့မှ တစ်နေ့မှာ ဒါနိုင်ငံ‌တကာ ဆက်သွယ်သွားလာ တဲ့အာဆီယံလမ်းမကြီးတစ်ခုဖြစ်မယ်လို့ ကျွန်တော် တို့ ကြိုတင်ပြီးတော့ သိရှိထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စစ်တောင်းမြစ်ကို ဗဟိုပြုပြီးတော့မှ မဟာဗျူဟာကျတဲ့ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းဒေသတွေနဲ့ လမ်းအလယ်အူကြောင်းကို ဆက်သွယ်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကူးလူးဆက်ဆံမှု၊ စီးပွားရေးအရ ကူးလူးဆက်ဆံမှု၊ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ဟာဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပြီးတော့ နိုင်ငံတော်ကစေတနာနဲ့ ဒီအစီအစဉ်တွေကို ရေးဆွဲထားတယ် လို့သိရှိရပါတယ်။ ကျွန်တော်တို့ ကျောက်ကြီးမြို့နယ်ရဲ့ ဒီဘက်ကမ်းမှာရှိနေတဲ့ နယ်မြေခံတပ်ရင်း တစ်ရင်းနဲ့ စစ်ဗျူဟာကွပ်ကဲမှုအဖွဲ့၊ မုန်းအထူးဒေသလို့ခေါ်တဲ့ မုန်းမြို့နယ်ခွဲတို့နဲ့ ဖြူးမြို့နယ်တို့ ဆက်သွယ်တဲ့အခါမှာ အရှေ့ဘက်ရဲ့ အရှေ့ရိုးမတောင်ကြောမှာရှိတဲ့ အရှေ့ဘက် တောင်ခြေပတ်လမ်း မဟာဗျူဟာလမ်းဟာ ဆက်သွယ်မှုရှိပြီးတော့မှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ သွားလာလွယ်ကူမှု တွေနဲ့ပိုပြီးတော့မှ အဆင်ပြေလာမှာဖြစ်တဲ့အတွက် ဒီစီမံကိန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြိုတင် ပြီးတော့သိရှိထားရပါမယ်။ သို့ဖြစ်ပါ၍ ဖြူးမြို့နယ်၊ ပန်းလောင်ရွာနှင့် ကျောက်ကြီးမြို့နယ်၊ မြွေတွင်း ရွာကိုဆက်သွယ်ထားမယ့်လမ်းနဲ့ စစ်တောင်းမြစ်ကူးတံတားကို တည်ဆောက်ဖို့ အစီအစဉ်ရှိပါသလား ဆိုတဲ့မေးခွန်းနဲ့ တကယ်လို့ ရှိမယ်ဆိုရင်လည်းပဲ မေးမြန်းပါသည်။