(က)-တောင်သူလယ်သမားအဖွဲ့အစည်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့ကမ္ဘာ့လူဦးရေဟာ အင်မတန်မှတိုးတက် နေပါတယ်။ ဒါနဲ့လိုက်လျောညီထွေဖြစ်ဖို့အတွက်ကို ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်ရေးဟာ လိုက်မမှီဘဲနဲ့ အခက်အခဲတွေကြုံတွေ့နေရပါတယ်။ ဒါကိုလျော့ပါးစေဖို့အတွက်လည်းပဲ ဒီနေ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင် ငတ်ပြတ်နေတဲ့ တချို့နိုင်ငံတွေကို ဖြေရှင်းနေရတဲ့အခြေအနေရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ အေးချမ်း သာယာပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးအတွက်ကို အမျိုးသား စီးပွားရေးဘဝတိုးတက်မြင့်မားလာစေရေးအတွက် အထူးအလေးထားပြီး ဆောင်ရွက်နေရာမှာ ကျွန်တော်တို့ရဲ့နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်ကိုယ်ကျပံ့ပိုးအားပေးမှု၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများရဲ့ အနီးကပ်ကြိုးစားပမ်းစား ကြီးကြပ် အားပေးမှု၊ ကျေးလက်ဒေသမှာ အများစုနေထိုင်ကြတဲ့ တောင်သူလယ်သမားကြီးများရဲ့ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ရေမြေသယံဇာတသဘာဝစွမ်းအားစုတွေကို ဖော်ထုတ်မြှင့်တင်နိုင်ခဲ့ပြီးတော့ လက်ရှိအြခေအနေမှာ ကျွန်တော်တို့ဟာ စိုက်ပျိုးမြေဧက ၅၇ သန်း ကျော်အထိ အံ့မခန်းတိုးတက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း စပါးတင်းပေါင်း ၁၅၆၀ သန်းအထိ တိုးတက်ထွက်ရှိလာတဲ့အတွက် ရိက္ခာလိုနေတဲ့နိုင်ငံတွေကို အပြင်မှပံ့ပိုးနိုင်တဲ့ဂုဏ်ဒြပ်တစ်ခုဟာ ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ရရှိလာတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မှာ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှဒေသမှာ ဦးဆောင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာတယ်လို့ သိရှိရတဲ့အပြင် ကမ္ဘာမှာဒုတိယပဲအများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်တယ်လို့လည်းပဲမှတ်သားခဲ့ရတဲ့ အတွက် အင်မတန်ဝမ်းမြောက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားတွေ ဒီနေ့ ထုတ်လုပ်လိုက်တဲ့ရိက္ခာတွေဟာ နောင်ဆယ်စုနှစ်များစွာအထိ တိုးတက်လာမယ့်နိုင်ငံ့လူဦးရေ အတွက် အာမခံချက်တွေရှိတယ်လို့သိရှိရပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့တောင်သူလယ်သမားများရဲ့ ဂုဏ်ဒြပ်တစ်ခုပဲဖြစ်တယ်လို့ ဒီလို ကျွန်တော်သုံးသပ်တင်ပြလိုပါတယ်။ လက်ရှိကျွန်တော်တို့ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာကျင့်သုံးလျက်ရှိတဲ့ မျက်မှောက်ကာလမှာ နိုင်ငံအသီးသီး ဟာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အပြိုင်အဆိုင်အကြိတ်အနယ်ကြိုးပမ်းဆောင်ရွက်နေသလို ကျွန်တော်တို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွေမှာလည်းပဲ ပြိုင်ဆိုင်မှုတွေ အလွန်ပြင်းထန်လှ ပါတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်မှာ ထိုးဖောက်နေရာရရေးဆိုတာ အရေအတွက်အရရော၊ အရည်အသွေးအရပါ တိုးတက်မြင့်မားမှုရှိဖို့နဲ့ြမေယာ၊ ငွေကြေးအရင်းအနှီး၊ မျိုးကောင်းမျိုးသန့်၊ ပံ့ပိုးပစ္စည်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာ၊ လူသားအရင်းအမြစ်နဲ့ လုပ်ငန်း ကျွမ်းကျင်မှုတို့အပြင် လက်ရှိရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်ကျော်လွှားရေးကိုပါ ထည့်သွင်း တွက်ချက်ဆောင်ရွက်နေရတဲ့ အခက်အခဲတွေရှိနေပါတယ်ခင်ဗျား။ ဒါကြောင့် နိုင်ငံတော်ရဲ့ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့တိုးတက်ဖြစ်ထွန်းပြီးတော့ အခက်အခဲ၊ အဟန့်အတားများကို အောင်မြင်စွာကျော်လွှားနိုင်ရေးနဲ့ နိုင်ငံတကာဈေးကွက်အထိကို မြန်မာ့ လယ်ယာထုတ်ကုန်များ ထိုးဖောက်တင်ပို့နိုင်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်ထောင်စုကြီးအတွင်းမှာရှိတဲ့ တောင်သူလယ်သမားထုတစ်ရပ်လုံး စိုက်ပျိုးရေးကုန်ထုတ် လုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ အသင်းအဖွဲ့တွေ၊ တောင်သူလယ်သမားတွေဟာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ လက်ရှိကာလမှာ အင်မတန်အရေးကြီးတဲ့ကာလကို ရောက်ရှိနေပါတယ် ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေယာကို အရင်းတည်ပြီးတော့ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ကြရတဲ့ တောင်သူလယ်သမားကြီးတွေဟာ လုပ်ငန်းခွင်အတွင်းမှာ တစ်ခါတစ်ရံြမေယာကိစ္စနဲ့ အငြင်းပွားကြတာတွေ၊ လယ်သမားထုအတွင်းမှာ စားကျက်မြေကျုးကျော်မှုတွေ၊ မြေနုကျွန်းကိစ္စတွေ၊ တစ်ရွာနဲ့တစ်ရွာ ပြဿနာလုပ်တာတွေ၊ လယ်ယာပတ်လမ်းကိစ္စတွေ၊ မြေကြီးြမေပုံအရ လယ်ယာမြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ကိစ္စတွေ၊ တစ်ခါတလေမှာ ကျွဲ၊ နွား၊ တိရစ္ဆာန်ကျော်နင်းမှုနဲ့ ပတ်သက်လို့ အမှုဖြစ်ကြတာတွေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေချိုးဖောက်မှု ကိစ္စရပ်တွေ မကြာမကြာဖြစ်ပွားလျက် ရှိပါတယ်ခင်ဗျား။ ဒီကိစ္စကိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ြဖေရှင်းဆုံးဖြတ်တဲ့နေရာမှာ တောင်သူလယ်သမားအဖွဲ့အစည်းဝင်များ ကိုယ်တိုင်ပါဝင်ဆွေးနွေး ြဖေရှင်းခွင့်မရတဲ့အတွက် တစ်ခါတစ်ရံမှာ မှားယွင်းဆုံးဖြတ်ပြီးတော့ တည်ဆဲမြေယာဥပဒေနဲ့ မညီညွတ်တာတွေ၊ ကျေးရွာတောင်သူလယ်သမားထု အတွင်းမှာလည်းပဲ စည်းလုံးညီညွတ်မှုပျက်ပြားမှု ကိစ္စတွေ မကြာခဏဖြစ်ပေါ်ခဲ့ကြောင်းကိုသိရှိရ ပါတယ်ခင်ဗျား။ ဒါကြောင့် မြေယာအငြင်းပွားမှုများ စစ်ဆေးကြားနာဆုံးဖြတ်ဆောင်ရွက်ပေးတဲ့နေရာမှာ တောင်သူလယ်သမားကိုယ်စားလှယ်များ ကိုယ်တိုင်ပါဝင်တဲ့ မြေယာမှုခင်းအငြင်းပွားမှု စစ်ဆေးဆုံးဖြတ်တဲ့အဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းဆောင်ရွက် သွားမယ်ဆိုရင် မြေယာမှုခင်းမှာအမှားအယွင်း နည်းသွားပြီးတော့ တောင်သူလယ်သမားများအတွင်း စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်မှု နည်းသွားမယ်လို့သုံးသပ်လို့ရရှိပါတယ်။ ၎င်းအပြင် လက်ရှိ တောင်သူလယ်သမားတွေထုတ်လုပ် ဖြန့်ဖြူးလိုက်တဲ့ သီးနှံတွေကိုဝယ်ယူသိုလှောင်ကြိတ်ခွဲ ရောင်းဝယ်ဖောက်ကားကြတဲ့ကုန်သည်ကြီးများ၊ စက်ပိုင်ရှင်ကြီးများ၊ ပဲ၊ နှမ်း၊ စပါးနဲ့ဆီထွက်ကုန်သည် ကြီးများစတဲ့ တရားဝင်အဖွဲ့အစည်းများ ထူထောင်ပြီးတော့မှ စနစ်တကျလုပ်ငန်းတွေဆောင်ရွက် တယ်။ အသင်းစည်းမျဉ်းတွေကို စနစ်တကျရေးဆွဲတယ်။ နိုင်ငံတော်ဦးဆောင်မှုကို ခံယူပြီး ဆောင်ရွက်တဲ့နေရာမှာ ဒီအဖွဲ့အစည်းတွေဟာ အင်မတန်မှလုပ်ငန်းတွေလည်ပတ်ပြီးတော့မှ အောင်မြင်မှုရရှိနေကြောင်းလည်းသိရှိရပါတယ်ခင်ဗျား။ သို့သော်လည်းပဲ ပြည်ထောင်စု တနံတလျားမှာနေတဲ့ တောင်သူလယ်သမားကြီးများရဲ့ အရေးအရာကိစ္စတွေကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများကိုတင်ပြခွင့်၊ ညှိနှိုင်းခွင့်၊ အကျိုးတူအသင်းအဖွဲ့ များနှင့်ပူးပေါင်း ပေါင်းစပ် ဆောင်ရွက်လျက်ရှိတဲ့ တောင်သူလယ်သမားအသင်းအဖွဲ့များဟာ ယနေ့တိုင်မရှိသေးပါဘူးခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကြီးမှာမိန့်ကြား သွားတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံတော်အခြေပြုမိန့်ခွန်းမှာ တောင်သူလယ်သမားအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေများ၊ အစဉ်ခေတ်မီပြည့်စုံ နေအောင် ပြဋ္ဌာန်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ ထွက်ကုန်များ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ လယ်ယာထွက်ကုန်များ အရည်အသွေးမြင့်မားရေး တို့ကိုလည်း မြှင့်တင်လုပ်ဆောင် သွားမှာဖြစ်ပါတယ်ဟူ၍လည်းကောင်း၊ နောက်ပြည်ထောင်စုအစိုးရ အနေနဲ့ အောက်ပါဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာလွှတ်တော်များသို့တင်သွင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဆိုတဲ့ ခေါင်းစဉ်အောက်အပိုဒ် ၄ မှာ တောင်သူ လယ်သမားများရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ဥပဒေများ ပြုစုနိုင်ရေးကိုလေ့လာခြင်း၊ လက်ရှိဥပဒေများကို ခေတ်နဲ့အညီပြင်ဆင်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ခြင်းလို့ အတိအလင်းမိန့်ကြားသွားတာကို ဝမ်းမြောက်ဖွယ်မှတ်သားခဲ့ရပါတယ်။ ဒါ့ကြောင့် မနေ့က ၂၀ ရက်နေ့ကဆိုရင် ကျွန်တော်တို့ရဲ့ ပြည်သူ့လွှတ်တော်ကြီးမှာ လယ်ယာမြေဥပဒေသစ်ကို ရေးဆွဲပြီးတော့မှ လယ်သမားအကျိုးဖြစ်ထွန်း စေတဲ့ အဆိုတွေ၊ မေးခွန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဆွေးနွေးကြတဲ့ အခြေအနေဖြစ်ပေါ်လို့ လာပါပြီခင်ဗျား။ ဒါ့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမား ဘဝတိုးတက်ရေးအတွက် လယ်ယာလုပ်သူတိုင်းလယ်မြေကို လက်ရှိထားနိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်တွေ မနေ့ကပဲ ကျွန်တော်တို့ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့တာကို ဝမ်းမြောက်ဖွယ်တွေ့ရှိရပါတယ်။ လယ်ယာမြေတွေကို ဥပဒေမဲ့သိမ်းယူခြင်း၊ အခြားနည်းနဲ့ အသုံးပြုခွင့်မရှိစေရေး၊ အကယ်၍ နိုင်ငံတော်အကျိုးစီးပွားအတွက် ဆောင်ရွက်ရပါကလည်း သင့်လျော်သည့် နစ်နာကြေးများရရှိရေးကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ တောင်သူ လယ်သမားများ လယ်ယာထုတ်ကုန်လုပ်ငန်းများမှာ အမြတ်ထုတ်ချယ်လှယ်မှုကင်းရှင်းရေး၊ ရေမြေသဘာဝအခြေအနေအတိုင်းကိုက်ညီတဲ့သီးနှံတွေ တောင်သူလယ်သမားများရဲ့ဆန္ဒနဲ့အညီ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ခွင့်ရှိရေး၊ နောက် တောင်သူလယ်သမားများအတွက်လိုအပ်တဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ရရှိရေးအတွက်ကို စိုက်ပျိုး စရိတ်ချေးငွေတွေ ပိုမိုတိုးမြှင့်ပြီးတော့မှ အဆင်ပြေချောမွေ့စေရေး၊ လယ်သမားများအတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ပစ္စည်းများ ဝယ်ယူတဲ့နေရာမှာမျှတတဲ့ဈေးနှုန်း၊ ထုတ်လုပ် ရောင်းချတဲ့သီးနှံဈေးနှုန်းကိုလည်းပဲ သင့်လျှော်မျှတတဲ့ ဈေးနှုန်းများရရှိစေရေး၊ နောက်တည်ဆဲ မြေယာဥပဒေများဆက်လက်တည်ရှိ အကာအကွယ်ပေးရေး၊ ခေတ်ကာလနဲ့အညီ ပြင်ဆင်တိုးချဲ့ ပြဋ္ဌာန်းပေးရေးကိစ္စတွေကိုလည်း လက်ရှိဆောင်ရွက်နေတဲ့အပြင် တောင်သူလယ်သမားများရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်းပဲ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို့ နိုင်ငံတော်မှာအကောင်အထည်ဖော်နေတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်ကြီးရှစ်ရပ်မှာ ကျေးလက်မှာ နေတဲ့ တောင်သူ လယ်သမားကြီးများ အဓိကပါဝင်ပူးပေါင်းဆောင်ရွက်ဖို့အကျုံးဝင်လျက်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံတော်လည်းအကျိုးရှိ၊ လယ်သမားထုတစ်ရပ်လုံးလည်း လူနေမှု အဆင့်အတန်း မြင့်မားမှုကိုဖော်ဆောင်နိုင်မယ့် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်တဲ့ တောင်သူလယ်သမား အဖွဲ့ကြီးကို ဖွဲ့စည်းဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါ့ကြောင့် တစ်စုတစ်စည်းတည်း စည်းလုံးညီညွတ်တဲ့ တောင်သူလယ်သမားအဖွဲ့အစည်းကြီးကို နိုင်ငံတော်အစိုးရမှဦးဆောင်ပြီး အကောင်အထည်ဖော်ဖွဲ့စည်းသွားရန် အစီအစဉ် ရှိ၊ မရှိ သိရှိလို ပါကြောင်း မေးမြန်းပါသည်။