(ဂ)-ဟားခါး-မတူပီလမ်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ချင်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်း ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ဟားခါး-မတူပီ လမ်း ၁၇၃ မိုင်ကို ကတ္တရာစေးလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန်ကိစ္စပဲဖြစ်ပါတယ်။ အဆိုပါလမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဟားခါး-မတူပီလမ်းဟာဆိုရင် ချင်းပြည်နယ်အလယ်ဗဟိုမှာ တည်ရှိပြီးတော့ အဲဒီလမ်းကို မှီခိုအားထားတဲ့ မြို့နယ်ခွဲအဆင်‌့ရှိ စေးခွားရွာကြီးနဲ့ အလယ်ရွာ၊ ရွာကြီး နောက်ပြီးတော့ ကျေးရွာပေါင်း ၆၁ ရွာခန့် ရှိပါတယ်။ အဲဒီလမ်းမကြီးဟာဆိုရင် ချင်းပြည်နယ်အထဲမှာ လူအများဆုံးနေထိုင်ရာဒေသလည်း ဖြစ်ပါတယ်။ ယင်းလမ်းမကြီးကို ကတ္တရာစေးလမ်းအဖြစ် တိုးမြှင့် ပေးပါက ချင်းပြည်နယ်ပြည်သူများအနေနဲ့ ကူးသန်းရောင်းဝယ်သွားလာနိုင်ကြမည့်အပြင် စီးပွားရေး၊ လူမှုရေးကိစ္စအဝဝမှာလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်လည်း အဓိကအထောက်အကူပြုမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဟားခါး-မတူပီလမ်းကို အဆင့်မြင့်ကတ္တရာစေးလမ်းအဖြစ်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနဲ့ အကယ်၍ မရှိသေးပါကလည်း ၂၀၁၂-၂၀၁၃ ခုနှစ်၊ ဘတ်ဂျက်ရန်ပုံငွေကနေစတင်ပြီးတော့ စီစဉ်ဆောင်ရွက်ပေး သင့်ပါကြောင်း တင်ပြမေးမြန်းပါသည်။