(င)-ဘက်စုံသားဖွားသင်တန်းနှင့် သူနာပြုသင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသောစကားနဲ့အညီ ပြည်သူများရဲ့ကျန်းမာရေးဟာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လည်း အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။ ယခုအခါ နိုင်ငံတော်မှလည်း ဆေးဘက် ဆိုင်ရာတက္ကသိုလ်များ၊ ကျန်းမာရေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် သင်တန်းအမျိုးမျိုး ဖွင့်လှစ်ပြီး ပြည်သူများရဲ့ ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများကိုလည်း ထိရောက်စွာဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေး၏တန်ဖိုးကိုနားလည်ကာ မိမိတို့ရဲ့ဒေသ များ၌ ဆေးရုံကြီးများလိုအပ်မှု၊ ဆရာဝန်များလိုအပ်မှု၊ တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာန၊ ဌာနခွဲနှင့် ဝန်ထမ်းများအစရှိသဖြင့် လိုအပ်ချက်များကိုလည်း လွှတ်တော်ကြီးမှာ တင်ပြဆွေးနွေးနေကြတာတွေ ကိုလည်းများစွာကြားသိနေရပါတယ်။

လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတတ်ပညာဟာ ယနေ့ကာလအနေဖြင့် ကုသိုလ်လည်းရဝမ်းလည်းဝဆိုတဲ့စကားလို အသက်မွေးဝမ်းကျောင်း   ပညာရပ်လည်း ဖြစ်ပါတယ်။ ဒီအထဲမှာ အချိန်ကာလနည်းနည်းနဲ့ အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ သင်တန်းကာလ ၁၈ လသာကြာတဲ့ဘက်စုံသားဖွားသင်တန်းနဲ့ သင်တန်းကာလ ၃ နှစ်ကြာတဲ့ သူနာပြု သင်တန်းများကို နိုင်ငံတော်အဝန်းမှ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူအမျိုးသမီးငယ်များ အထူးစိတ်ဝင်စားလျက် ရှိကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှခေါ်တဲ့ အဆိုပါ သင်တန်းများ      တက်ရောက်ခွင့်ရရန် လျှောက်ထားလိုသူများဟာလည်း လွန်စွာများပြားလျက်ရှိကြောင်းလည်း လေ့လာသိရှိ ရပါတယ်။ ဒီလိုဘာ့ကြောင့် စိတ်ဝင်စားကြတာလဲဆိုရင် သင်တန်းများမှပြီးလာပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများခြင်း အစိုးရဌာနမှအလုပ်မရလျှင်လည်း မိမိအတတ်ပညာဖြင့် ပုဂ္ဂလိကဆေးရုံကြီးများ၊ ဆေးခန်းများ၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု လုပ်ငန်းများ အစရှိသဖြင့် လုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်ကာ ဝင်ငွေများရရှိပြီး စားဝတ်နေရေးအတွက် အဆင်ပြေနေကြကြောင်း သိရှိရပါတယ်။

‌လေးစားအပ်တဲ့ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုလို အသက်မွေးဝမ်းကျောင်းအတတ်ပညာသင်တန်း ကျောင်းများတိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ သင်တန်းကျောင်း သင်တန်းသားများ တိုးချဲ့ခေါ်ယူမွေးထုတ်ပေး ခြင်းများပြုလုပ်ကာ လူငယ်အမျိုးသမီးလေးများရဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခြင်း စားဝတ်နေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်များကို လည်း ြဖေလျှော့ပေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူများရဲ့ကျန်းမာရေးကိုလည်း စောင့်ရှောက်ခြင်းဖြင့် နိုင်ငံ့အကျိုးကိုလည်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင် လူငယ်အမျိုးသမီး လေးများဟာ အမျိုးသားများထက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည်ကတစ်ကြောင်း၊ အလုပ် ကြမ်းများတွင်လုပ်ကိုင်ကြရန် စိတ်ဝင်စားမှုနည်းပါးသည်ကတစ်ကြောင်းတို့ကြောင်‌့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့် ပညာရေးကဏ္ဍတို့မှာ လုပ်ကိုင်ဆောင်ရွက်လိုကြသူများ ပေါများခြင်းလည်း ဖြစ်ကြပါတယ်။ အခြားစာပေးစာယူ တက္ကသိုလ်သင်တန်းများမှာ ငွေကုန်အချိန်ကုန် တက်ရောက်နေရ ခြင်းထက် ဖော်ပြပါအသက်မွေးဝမ်းကျောင်း ပညာသင်ပေးတဲ့ ဘက်စုံသားဖွားသင်တန်းနဲ့ သူနာပြု သင်တန်းများမှာ အကျိုးရှိရှိတက်ရောက်လိုသူများ ပေါများခြင်းလည်း ဖြစ်ကြပါတယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအ‌ြခေခံဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ(က)မှာ နိုင်ငံတော် သည် ပြည်သူများ၏ပညာရေးနဲ့ ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထားဆောင်ရွက်ရ မည်ဟုပါရှိထားပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၁ မှာ နိုင်ငံတော်သည် ပြည်သူများအလုပ် လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမယ်လို့ပါရှိပါတယ်။ ဒါ့ကြောင့် တက္ကသိုလ် ဝင်တန်းအောင် အရည်အချင်းပြည့်မီသော လူငယ်အမျိုးသမီးလေးများအပေါ် အမျိုးသမီးလေးများ ၏ဆန္ဒများကို ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူများ၏အကျိုးအတွက် ရည်ရွယ်ပြီး ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ (၁) နိုင်ငံတော်အနေဖြင့် ဘက်စုံသားဖွားသင်တန်းသား များနှင့် သူနာပြုသင်တန်းသားဦးရေအား ပိုမိုတိုးချဲ့ခေါ်ယူရန် အစီအစဉ်ရှိပါသလား။ (၂) လိုအပ်ပါက သင်‌့တော်သောဒေသများ၌ သင်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ရန်အစီအစဉ်များ ရှိ၊ မရှိ သိရှိလို ကြောင်း မေးမြန်းးပါသည်။