(ဃ)-မန်တုံ-မိုးမိတ်၊ မန်တုံ-မိုင်းဝီး-နမ့်ခမ်း ကားလမ်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယမြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နဲ့ မန်တုံမြို့နယ်တို့ဟာ သွားရေးလာရေးခက်ခဲတဲ့ ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း တို့ကြောင့် တရားမဝင်မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကား ရာတွင် သယ်ဆောင်ဖြတ်သန်းရန် လမ်းကြောင်းသဖွယ်ဖြစ်နေသကဲ့သို့ တိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးများလည်း မူးယစ်ဆေးဝါး သုံးစွဲမှုများ များပြားလာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကျင့်စရိုက်နဲ့လုံခြုံရေးကိုပါ ဆိုးဝါးစွာ ထိခိုက်ပျက်စီးလာသည် ကိုတွေ့ရပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒေသအသီးသီး တို့တွင် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီး နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို လူကောင်းသူကောင်းဖြစ်လာစေရေးအတွက် ပြန်လည်ထူထောင်ရေးနဲ့စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကို ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ပြောကြားသည့်အတွက် ပြည်သူလူထု ကိုယ်စားဝမ်းမြောက်ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မန်တုံမြို့နယ်သည် မြို့သစ်အဖြစ် ထူထောင်နေရတဲ့ မြို့တစ်မြို့ဖြစ်တဲ့အလျောက် လူနေအိမ်ခြေ ၇၀၀ ခန့်ရှိပြီး ပလောင်၊ ရှမ်း၊ ကချင်၊ လီဆူး တိုင်းရင်းသားပေါင်းစုံနေထိုင်သော မြို့တစ်မြို့ဖြစ်ပါတယ်။ မန်တုံမြို့မှာတပ်မတော်တပ်ရင်း၊မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဌာန၊ဌာနေပြည်သူ့စစ်နဲ့ဌာနဆိုင်ရာရုံးများ ရှိပါတယ်။ သို့သော် မြို့အင်္ဂါရပ်နဲ့မပြည်စုံသေးပါ။ မြို့အင်္ဂါရပ်နဲ့ ပြည့်စုံစေရေးအတွက်(က) မြို့တွင်း လမ်းမ ၁ မိုင် ၄ ဖာလုံအား ကတ္တရာခင်းပေးရန်၊ (ခ) မန်တုံမြို့ကျက်သရေဆောင်ခန်းမတစ်ခု ဆောက်လုပ်ပေးရန်လိုအပ်လျက်ရှိပါတယ်၊ (ဂ) ဟောင်းနွမ်းယိုယွင်းပျက်စီးနေသော ဘုန်းကြီးကျောင်း တစ်ခုကို အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။