(ဂ)-ကော့ကရိတ်မြို့နယ်နှင့်လှိုင်းဘွဲမြို့နယ် ၂ ခုအားဖြတ်သန်းသွားမည်‌့လမ်းအမြန်ပြီးစီးရေးနှင့်စပ်လျဉ်း သည်‌့မေးခွန်း

2020-12-22

ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ဘားအံလမ်းမကြီးပေါ်မှာရှိတဲ့ အောက်ဗိုလ်တဲကနေပြီးတော့ နဘူး-ထန်းတပင်-တာပေါင်-ထီလုံလမ်း မိုင်အားဖြင့် ၅၄ မိုင် ၂ ဖာလုံ အား အရင်တပ်မတော်အစိုးရလက်ထက် အထူးစီမံကိန်းကြီးများမှာ ပါဝင်ပြီးဖြစ်ပါတယ်။ ၎င်းလမ်းကို ယခုအခါမှာ မြေသားတာပေါင်တင်ခြင်း၊ တောရှင်းခြင်း၊ သစ်ပင်ခုတ် ခြင်းများအပြင် လမ်းပေါ်မှာရှိတဲ့ အရှည်ဆုံးတံတားဖြစ်တဲ့ အတာချောင်းတံတားကို ဆောက်လုပ်ပြီးစီး ပြီးဖြစ်ပါတယ်။ အဆိုပါ လမ်းပြီးစီးသွားပါက လက်ရှိရှိနေတဲ့ မြဝတီ-ကော့ကရိတ်-ဘားအံလမ်းမကြီးနဲ့ အပြိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာမှာဖြစ်ပြီး ယခင်ကငြိမ်းချမ်းမှု မရရှိတဲ့ ကရင်ပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှုများရရှိလာမှာဖြစ်တဲ့အတွက် လက်ရှိနိုင်ငံတော် အစိုးရရဲ့ စေတနာကို ကရင်ပြည်နယ်ပြည်သူလူထုအနေနဲ့ သိသာထင်ရှားစွာသိမြင်လာနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကော့ကရိတ်မြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်နှစ်ခုကိုဖြတ်သန်းပြီး ဘားအံမြို့နယ်အတွင်းကို ဝင်ရောက်သွားမယ့် နဘူး-ထန်းတပင်-တာပေါင်-ထီလုံလမ်း ၅၄ မိုင် ၂ ဖာလုံ အမြန်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သည့်အချိန်တွင်ပြီးစီးမည်ကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။