(စ)-ပြည့်တန်ဆာခန်းများ၊ နိုက်ကလပ်များ၊ ကာရာအိုကေများနှင့် အနှိပ်ခန်းများကို ထိရောက်စွာ အရေးယူရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့ နိုင်ငံမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မည်သည့်ခေတ်ကာလတွင်မဆို အလေးထားဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။ ယနေ့အချိန်တွင်လည်း ရပ်ကွက်များအတွင်း လောင်းကစားမှုများကို ဖမ်းဆီးအရေးယူမှုများကြောင့် အထိုက်အလျောက် မှုခင်းများလျော့နည်း ကျဆင်းလာပြီ ဖြစ်ပါတယ်။ သို့သော်လည်း ငွေကြေးတတ်နိုင်သူများက လိုင်စင်ရအအေးခန်း ဧည့်ရိပ်သာအမည်ခံ ပြည့်တန်ဆာခန်းများ၊ နိုက်ကလပ်များ၊ ကေတီဗွီ ကာရာအိုကေအမည်ခံများနှင့် အလှပြင်ခန်းအမည်ခံ အနှိပ်ခန်းများကို တိုင်းဒေသကြီးအချို့နှင့် ပြည်နယ်အချို့တွင် ပုံစံအမျိုးမျိုးနှင့် ရှိနေသေးကြောင်း ကြားသိနေရပါတယ်။ ၎င်းလုပ်ငန်းများတွင် အမျိုးသမီးငယ်လေးများ ဘဝပျက်နေ ကြကြောင်း ရင်နာဖွယ် တွေ့ရှိရပါတယ်။ ၎င်းလုပ်ငန်းများ လျော့နည်းပပျောက်အောင် ထိရောက်စွာ အရေးယူတားမြစ်ရန် အစီအစဉ် ရှိ၊ မရှိ။ ရှိပါက မည်သည့် ကာလတွင် ဆောင်ရွက်နိုင်မည်။ မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်နိုင်သည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။