(င)-လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် မေးခွန်း
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် အများပြည်သူများ၊ ဌာနဆိုင်ရာများ၊ အစိုးရစက်ရုံ အလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ စက်မှုဇုန်များစသည်တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိသည်ကိုတွေ့ရပါတယ်။ ယင်းကဲ့သို့ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မဟာဓာတ်အားလိုင်းကြီးများ၊ ပင်မဓာတ်အားခွဲစက်ရုံကြီးများ၊ ဓာတ်အားဖြန့်ဖြူးရေး ဓာတ်အားလိုင်းခွဲများနဲ့ ဓာတ်အားခွဲစက်ရုံများကို စီမံကိန်းများချမှတ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။
တဖန် နိုင်ငံတော်ဓာတ်အား မရောက်ရှိသေးသော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး စသည့်ဒေသများသို့လည်း မဟာဓာတ်အားလိုင်းများ၊ ပင်မဓာတ်အားခွဲရုံကြီးများ တည်ဆောက်ကာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံကိန်းများချမှတ် အကောင်အထည်ဖော် စီစဉ်လျက်ရှိသည်ကိုလည်း ပြည်သူ့လွှတ်တော်တွင် ရှင်းပြမှုများအရ သိရှိရပါတယ်။ ထို့အပြင် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ဆက်စပ်ပြီး မဟာဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိ ရပါတယ်။ မြို့ရွာများ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရေးသာမက ကျေးလက်ဒေသများသို့ပါ နိုင်ငံတော် ဓာတ်အားမှ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည်ဟုသိရပါတယ်။ ယင်းကဲ့သို့ စီမံကိန်းများအကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်မှ နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနှင့် မြန်မာကျပ်ငွေ ဘီလီယံပေါင်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံခွင့်ပြုပေးနေ သည်ကိုလည်းသိရှိရပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားကို နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ဖြူးရောင်းချပေးပြီး နိုင်ငံတော်ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေရသော စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်ကိုလည်းသိရှိရပါတယ်။ သို့ပါ၍ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခုလက်ရှိ အခြေအနေတွင် နိုင်ငံတော်မှ စီမံကိန်းကြီးများအကောင်အထည်ဖော်ရန် ခွင့်ပြုပေးသောရန်ပုံငွေ အသုံးစရိတ်များနှင့် ဝန်ကြီးဌာနမှပြန်လည်ရှာဖွေပေးသောဝင်ငွေများ အခြေ အနေမည်သို့ရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။