(ဇ)-နေအိမ်ခြံဝင်းများ ဂရန်ပြုလုပ်ခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ယခုအခါ ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ နေအိမ်ခြံဝင်းများအတွက် ဂရန်အသစ် လျှောက်ထားခြင်း၊ အမည်ပြောင်းခြင်း၊ သက်တမ်းတိုးခြင်းများ အတွက်ဆိုင်းငံ့ထားသည်ဟု သိရ ပါတယ်။ ထိုသို့ ဆိုင်းငံ့ကြန့်ကြာမှုကြောင့် ပြည်သူလူထုမှာ အခက်အခဲများ ဖြစ်နေရပါတယ်။ ဂရန်မှာ ပြည်သူလူထုအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထား  တစ်ရပ်အနေဖြင့်လည်းကောင်း၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ပိုင်ဆိုင်မှုအထောက်အထားကိုပြကာ ရင်းနှီးမြှုပ်နှံမှုအတွက် ဘဏ်များတွင် ငွေချေးငှားရာ၌ အသုံးဝင်ပါသည်။ ဂရန်ထုတ်ပေးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အ‌ရေးနှင့် တာဝန်များပါ အခန်း(၈) ဥပဒေ ပုဒ်မ ၃၇၁ အရ နိုင်ငံတော်သည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်းအစရှိသည်တို့ကို ရရှိစေရန် ကူညီမည်ဟူသောစကားရပ်ကို အကောင်အထည် ဖော်ပေးခြင်းလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဂရန်အသစ်လျှောက်ထားခြင်း၊ အမည်ပြောင်းခြင်း၊ သက်တမ်းတိုးခြင်းများကို ယခင်ကဲ့သို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဆောင်ရွက်ပေးစေပါက ပို၍မြန်ဆန်ကာ အဆင်ပြေချောမွေ့မည်ဖြစ်ပါသည်။ ယခုတင်ပြသကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်၊ မပေးနိုင်သိရှိလိုပါသည်။ ပေးနိုင်မည်ဆိုပါကလည်း ဘယ်တော့လောက် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။