(ဂ)ရေလုပ်သားများ အသက်အာမခံထားရှိခွင့်နှင့်စပ်လျဉ်းသည့်မေးခွန်း
၂၀၁၀-၂၀၁၁ လုပ်ငန်းရာသီမှာ ကျွန်တော်တို့ ဖျာပုံတစ်မြို့နယ်လုံးဆိုတာ အမာမြို့နယ်ခွဲ အပါအဝင် ပင်လယ်ပြင်မှာ ကျွန်တော်တို့ ငါးဖမ်းတဲ့လုပ်ငန်းအမျိုးမျိုး လုပ်ပါတယ်။ လုပ်တဲ့ငါးဖမ်းတဲ့ လုပ်ငန်းငါးမျိုးရှိပါတယ်။ အဲဒါကတော့ ပင်လယ်ကျားပိုက်လုပ်ငန်း၊ ကျားဖောင်လို့ ခေါ်ပါတယ်။ နောက်ဘုံကျောင်းခေါ်တဲ့ တရုတ်ကျောက်ပိုက်လုပ်ငန်း၊ မျှောပိုက်လုပ်ငန်း၊ စိန်ပိုက်လုပ်ငန်းနဲ့ ငါးမျှားတန်း လုပ်ငန်းတို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ပင်လယ်ကမ်းစပ်ကနေပြီးတော့ မိုင် ၂၀ က နေ မိုင် ၄၀ လောက်ကွာတဲ့နေရာမှာ သွားရောက်ပြီး လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီဖျာပုံတစ်မြို့နယ်လုံးမှာဆိုလို့ ရှိရင်လုပ်တဲ့ရေလုပ်ငန်းရှင် ၃၀၀ လောက်ရှိပြီးတော့ ဝင်ရောက်လုပ်ကိုင်နေတဲ့ ရေလုပ်သားပေါင်း ဟာလည်းပဲ ၁၅၀၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီမှာ ငါးဖမ်းတဲ့ရေယာဉ်ပေါင်းဟာလည်း အစီး ၄၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၅ ရက်နဲ့ ၁၇ ရက်အထိ ပင်လယ်ပြင်မှာ လေမုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ အဲဒီလို လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့အတွက် စက်လှေ ၅၆ စီး၊ ကျားဖောင် ၃၅၉၉ ဖောင် နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ အဲဒီတုန်းက ပင်လယ်ပြင်မှာ လုပ်ကိုင် နေတဲ့ရေလုပ်သားပေါင်း ၁၂၀၀၀ ရှိပြီးတော့ အဲဒီထဲကရေလုပ်သား ၄၀၀ လောက်ကတော့ ယနေ့ တိုင်ပြန်လည်ရောက်ရှိကြောင်း သတင်းမရရှိသေးတဲ့အတွက် ဆက်လက်ရှာဖွေဆဲလည်းဖြစ်ပါတယ်။ ဒီဒုက္ခကြုံတွေ့ခဲ့ရတဲ့ ရေလုပ်သားများကိုလည်းပဲ သူတို့နဲ့မိသားစုတွေကို နိုင်ငံတော်အစိုးရရဲ့ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ရေလုပ်ငန်းရှင်တွေ၊ နောက် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အခြားအလှူရှင်အသီးသီး တို့ကလည်းပဲ ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ပါတယ်။ ဒီမှာ ကျွန်တော်တို့ ရေလုပ်သားအများစုနဲ့ လုပ်ငန်းရှင်များဟာ အသက်အာမခံထားချင်တယ်ဆိုပြီးတော့ အားလုံးဟာသတင်းပို့ကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီမြန်မာ့အာမခံဥပဒေအရတော့ စက်တပ်ရေယာဉ်မှာ ငါးဖမ်းလျက်ရှိတဲ့ ရေလုပ်သားတွေကိုပဲ အသက်အာမခံထားခွင့်ရှိပြီးတော့ အခုလို ပင်လယ်ပြင်မှာ ကျွန်တော်တို့ ဒေသ အခေါ် ကျားပိုက်ခေါ်တဲ့ ကျားဖောင် ဖြစ်ပါတယ်။ ကျားဖောင်ရဲ့အဓိပ္ပာယ်ကတော့ ဝါးပိုးဝါးအလုံး ၁၀၀ လောက်ကို ဖောင်ဖွဲ့ပြီးတော့ ပင်လယ်ကမ်းခြေကနေ မိုင် ၂၀ လောက်အကွာမှာ ငါးဖမ်းတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီမှာပင်လယ်မှာ ငုတ်တွေစိုက်ပြီးတော့ ကြိုးတစ်ချောင်းနဲ့ ပိုက်နဲ့ ဖောင်နဲ့ ချည်ပြီးတော့ ဖောင်တစ်ဖောင်မှာ ရေလုပ်သားသုံးဦးကနေ လေးဦးလောက်အထိ ပင်လယ်ပြင်မှာ သုံး၊ လေးလလောက် ဆက်တိုက်လုပ်တဲ့ငါးဖမ်းလုပ်ငန်း ဖြစ်ပါတယ်။ ဒီ ကျားဖောင်ပေါင်းဟာလည်း တစ်ခါထွက်ရင် ဖောင်အရေအတွက် ၄၀၀၀ လောက် ရှိပါတယ်။ ဒီ အသက်အာမခံဥပဒေအရလည်း ကျွန်တော်တို့ ဒီအသက်အာမခံဥပဒေ ပုဒ်မ ၄ မှာလေ့လာတွေ့ရှိရတာကတော့ ဖြစ်ပျက်တတ်တဲ့ ဘေးအန္တရာယ်ကြောင့် ပြည်သူ့တွေကြုံတွေ့နိုင်တဲ့ လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုကို နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ အာမခံထားခြင်းဖြင့် ငွေကြေးပြေလည်မှုရရှိစေရန်နှင့် လူတစ်ဦးစီအလိုက် အသက်အာမခံထားရှိခြင်းဖြင့် ငွေစုဆောင်းတဲ့ အလေ့အထတိုးပွားစေပြီး နိုင်ငံတော်ရဲ့ အရင်းအနှီး စုဆောင်းမှုကို အထောက်အကူပြုစေနိုင်တယ်ဆိုပြီး တော့ဒီဥပဒေမှာလည်း ရေးသားထားတာ ပါရှိပါ တယ်။ ဒါ့ကြောင့်မို့လို့ အခု ကျွန်တော်တို့ မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေလုပ်သားများအနေနဲ့ ဒီဖြစ်ပျက်တတ်တဲ့ဘေးအန္တရာယ်ကြောင့် လူမှုရေး၊စီးပွားရေးသာမကဘဲနဲ့ အသက်များပင်ထိခိုက်ဆုံးရှုံးရလေ့ရှိတာကြောင့် ဒီမြန်မာ့အာမခံ လုပ်ငန်းမှာ အသက်အာမခံထား ရှိခြင်းနဲ့ နောင်ဘဝစိတ်အေးဖို့အတွက် အထောက်အကူပြုစေဖို့ ဒီမြန်မာ့အာမခံလုပ်ငန်းရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီတယ်လို့ ထင်မြင်တဲ့အတွက် အထက်ပါ ကျားဖောင်လုပ်ငန်းမှာလုပ်တဲ့ ရေလုပ်သားတွေ အသက်အာမခံထားရှိခွင့်ရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း မေးမြန်းခြင်းဖြစ်ပါ တယ်။ နောက်တစ်ဆက်တည်းမှာပဲ အသက်အာမခံထားရှိခြင်းကြောင့် အကျိုးခံစားခွင့်ကိစ္စမှာလည်းပဲ ဒီသေဆုံးမှုကြောင့် အလောင်းမရရှိလို့ရှိရင် အကျိုးခံစားခွင့်နှစ်နှစ် စောင့်ဆိုင်းပေးရမယ်လို့ ဖော်ပြ ထားတာလည်းတွေ့ရပါတယ်။ ဒီမြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ကိုင်နေတဲ့ ရေလုပ်သားအများစု ဟာဒီလုပ်ငန်းခွင်မှာ ဖြစ်ပျက်တတ်တဲ့ဘေးအန္တရာယ်ကြောင့် သေဆုံးတဲ့နေရာမှာလည်း အလောင်းမရ ရှိတာများပါတယ်။ ဒါ့ကြောင့်မို့လို့ နှစ်နှစ်စောင့်ဆိုင်းပြီးမှ အကျိုးခံစားခွင့်ရှိတယ်ဆိုတာကိုလည်းပဲ ဒီထူးခြားတဲ့နယ်မြေတစ်ခုမှာ သင့်လျော်သလိုကာလတစ်ခု သတ်မှတ်ပြီး ပြင်ဆင်ပေးပါလို့လည်းပဲ အကြုံပြုလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာ့ပင်လယ်ပြင်မှာ ငါးလုပ်ငန်းလုပ်ကိုင်နေတဲ့ ရေလုပ်သားများရဲ့ အသက်အာမခံထားရှိရေးကိစ္စနှင့်ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မယ့်အစီ အစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။