(ဇ)-တယ်လီဖုန်းအိတ်ချိန်းအဆောက်အဦကို ပြောင်းရွှေ့ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ချောက်မြို့နယ်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁၉၈၆ ခုနှစ်မှစတင်ပြီး ကြိုးဖုန်း အလုံးပေါင်း ၁၃၀၀၊ ၁-၈-၂၀၀၉ ရက်မှစတင်ပြီးတော့ GSM တယ်လီဖုန်းအလုံး ၅၀၀နဲ့ ၁၂-၁-၂၀၁၁ ရက်နေ့မှ စတင်ပြီး CDMA တယ်လီဖုန်းအလုံး ၁၂၀၀ တပ်ဆင်ခွင့်ပြုခဲ့၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ဝန်ကြီးဌာနတာဝန်ရှိသူများကို မြို့သူမြို့သားများက အထူးဝမ်းမြောက် ကျေးဇူးတင်လျက် ရှိပါတယ်။ သို့သော်လည်းပဲ ချောက်မြို့နယ်ရှိ တယ်လီဖုန်းဆက်သွယ်မှုများ မကြာခဏ ပြတ်တောက် လေ့ရှိပါတယ်။ အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များမှာ ပြတ်တောက်လေ့ရှိပါတယ်။ ချောက်မြို့ဟာ မိုးနည်းရေရှားဒေသဖြစ်ပြီး မိုးရွာတဲ့အတွက် ပျော်ရွှင်ကြရသော်လည်းပဲ တယ်လီဖုန်း များ ပြတ်တောက်လေ့ရှိသဖြင့်ဝမ်းနည်းကြရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ချောက်မြို့၊ ရတနာအိုင့် ရပ်ကွက်မှာ တည်ဆောက်ထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတယ်လီဖုန်း အိတ်ချိန်းအဆောက် အဦမှာ တမာအိုင့်ချောင်းနှင့် နီးကပ်စွာတည်ရှိသဖြင့် မိုးသည်းထန်စွာရွာသွန်းသည့် အချိန်မှာ ချောင်းရေများဝင်လေ့ရှိပါတယ်။ ၂၀၁၀ ခုနှစ်၊ ဂီရိမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာတဲ့ ရက်ကာလမှာ ရက်အတန်ကြာချောင်းရေကြောင့် ထိခိုက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော် မေးမြန်း လိုတဲ့ မေးခွန်းများကတော့ (၁) အဆိုပါ တယ်လီဖုန်းအိတ်ချိန်းအဆောက်အဦကို အခြား သင့်တော်မည့် နေရာသို့ ပြောင်းရွှေ့တည်ဆောက်နိုင်မည့် အစီအစဉ်များရှိ၊မရှိ။ သို့မဟုတ် ချောင်းရေတက်သည့် အခါ မထိခိုက်စေရန် အစီအမံများဆောင်ရွက်ထားမှုအခြေအနေ (၂) ချောက်မြို့နယ်ရှိ တပ်ဆင်ပြီး ဖုန်းလိုင်းများ၊ လက်ကိုင်ဖုန်းများဆက်သွယ်မှုမကြာခဏ ပြတ်တောက်လေ့ရှိခြင်းကို ပြုပြင်မည့် အစီအစဉ် ရှိ၊ မရှိနဲ့ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။