(ဈ)-ဆက်သွယ်ရေး၏ ပထမနှစ်လျာထားချက်တွင် မိုင်းရယ်မြို့နယ်အတွက် ဆောင်ရွက်ပေးရန် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုင်းရယ်မြို့ဟာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ မြို့နယ်ထဲမှာ တစ်မြို့အပါအဝင် ဖြစ်ပါတယ်။ ယခုအခါ ကျွန်တော်တို့မြို့မှာ ကိုယ်ထူကိုယ်ထစနစ် IP Star ဂြိုလ်တုဖုန်းဖြင့် EPA PH စနစ်အသုံးပြုကာ ဆက်သွယ်အသုံးပြုလျက်ရှိတဲ့ တယ်လီဖုန်းစနစ် ၂ ခုရှိပြီးတော့ CDMA-450 MHz ဖုန်းများကိုလည်း ကိုယ်စီကိုယ်ငှ အင်တာနာတိုင်များ စိုက်ထူပြီးရတဲ့နည်းနဲ့ အသုံးပြုနေကြတာ တချို့ ရှိပါတယ်။ သို့သော်လည်းပဲ ဖုန်းလိုင်းများဟာ မိတစ်ချက်၊ မမိတစ်ချက်နဲ့ တော်တော်လေးကို ခက်ခက်ခဲခဲ ခေါ်ဆိုခဲ့ရပါတယ်။ သို့ဖြစ်ပါ၍ အခြားဒေသများနည်းတူ ကျွန်တော်တို့ဒေသကိုလည်း ဖွံ့ဖြိုးတိုးတက်မှု ဆက်လက် နောက်ကျကျန်ရစ်မနေစေရေး ရည်သန်၍ အောက်ပါမေးခွန်းကို မေးမြန်း အပ်ပါတယ်ခင်ဗျား။ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ငါးနှစ် အတွင်း တယ်လီဖုန်းအလုံးရေ ၃၀ သန်းတပ်ဆင်ပေးပါမည့်အကြောင်းနဲ့ ပထမတစ်နှစ်အတွင်း တယ်လီဖုန်း အလုံးရေ ၄ သန်း တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့တဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ် ပြည်သူများမှ ဆက်သွယ်အသုံးပြု လွယ်ကူသော တယ်လီဖုန်းစနစ်တစ်ခုကို အမြန်ဆုံးရရှိရေး မျှော်လင့်လျက် ရှိပါတယ်။ဆောင်ရွက်ပေးနိုင်ပါရန်လည်းတောင်းဆိုလိုပါတယ်ခင်ဗျား။မေးမြန်းလိုသည်မှာ ဝန်ကြီးဌာန အနေဖြင့် ပထမတစ်နှစ်အတွင်း ဖုန်းတပ်ဆင်ပေးရန် လျာထားချက်မှာ မိုင်းရယ်မြို့နယ်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ နှင့် ရှိပါက မည်သည့်ကာလတွင် အပြီးဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။