(စ)-ဖျာပုံ-အမာကားလမ်းနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-22

ဖျာပုံ-ကျုံကဒွန်း-အမာလမ်းဟာ ၅၁ မိုင်နဲ့ ၅ ဖာလုံအရှည်ရှိပါတယ်။ ပထမတစ်ပိုင်းဖြစ်တဲ့ ဖျာပုံ- ကျုံကဒွန်း လမ်းကတော့ ၁၅ မိုင် ၃ ဖာလုံရှိပြီးတော့ ကျောက်ခင်းလမ်းအမာခံဖြစ်ပါတယ်။ မော်တော်ယာဉ် များလည်း နွေ၊ မိုး၊ ဆောင်းသွားလာနိုင်တဲ့အခြေအနေရှိပါတယ်။ ဒုတိယလမ်းအပိုင်းဖြစ်တဲ့ ကျုံကဒွန်း-ဒေါ်ငြိမ်း-အမာလမ်းကတော့ ၁၉၉၂ ခုနှစ်လောက်ကတည်းကစတင်ဖောက်လုပ်ခဲ့တဲ့ မြေသားလမ်း ဖြစ်ပါတယ်။ နွေရာသီနဲ့ဆောင်းရာသီမှာတော့ ဂျစ်ကားတို့၊ ဒိုင်နာတို့၊ ဘတ်စ်ကားအသေးစားတို့သာ သွားလာနိုင်ပါတယ်။ မိုးရာသီမှာ မိုးအနည်းငယ်ကျတာနဲ့လမ်းတွေဟာ အချို့မှာဗွက်ဖြင့် ပျက်စီး ပြီးတော့ ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အပြင် ဆိုင်ကယ်ပင်မောင်းလို့မရနိုင်တဲ့အခြေအနေမျိုး ကြုံတွေ့ရတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းကလည်းပဲ ကျုံကဒွန်းကနေ အမာသွားတဲ့လမ်းရဲ့ တချို့နေရာတွေက လယ်ကွင်းထဲမှာ ဖြတ်ဖောက်ရတဲ့နေရာများဖြစ်ပါတယ်။ လယ်ကွင်းထဲမှာ ဖြတ်ဖောက်ရတဲ့နေရာတွေဟာ မိုးကျတာနဲ့ဗွက်ဖြစ်ပြီးတော့သွားလို့မရခြင်းဖြစ်ပါတယ်။ ဒီနေရာများ ကလည်း စုစုပေါင်းမှလေးနေရာလောက်ပဲရှိပြီးတော့ မိုင်အားဖြင့်လည်းအနည်းငယ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာဆိတ်မတံတားအလွန်မိုင်တိုင် ၂၄ မိုင်၊ ၃ ဖာလုံ ကနေပြီးတော့ အမာမြို့ရောက်တဲ့ အထိသွားတဲ့လမ်းဆိုလို့ရှိရင် သဘာဝကုန်းချောမြေအမာဖြစ်ပါတယ်။ ကတ္တရာလမ်းထက်ပင်ကောင်း ပါတယ်။ ဘာမှပြုပြင်ရန်မလိုဘဲနဲ့ ကားတွေဟာ နွေရော၊ မိုးရော၊ ဆောင်းရော သွားလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြုပြင်မယ်ဆိုရင် အဲ့ဒီလမ်းကို ချန်ထားလို့ရပါတယ်။ လယ်မြေထဲမှာဖြတ်သွားတဲ့ လမ်းနေရာတွေကို နာဂစ်ကာလအပြီး ရေကျော်လို့လမ်းမြေမြှင့်တဲ့ လုပ်ငန်းတွေ ကျွန်တော်တို့အကုန်လုံးလုပ်ပြီးပါပြီ။ ကာလအားဖြင့်ဆိုလို့ရှိရင်လည်း သုံးနှစ်ကျော် ရှိတဲ့အတွက် အောက်ခံမြေကလည်းအမာဖြစ်နေပါတယ်။ ဒါ့ကြောင့်အဲ့ဒီနေရာတွေကိုသာ ကျောက်ခင်း ပေးလိုက်မယ်ဆိုလို့ရှိရင် မိုးရာသီဖြစ်လင့်ကစား ယာဉ်တွေသွားလာနိုင်မယ်‌့အခြေအနေရှိကြောင်း အကြံပြုတင်ပြအပ်ပါတယ်။ ဒါ့ကြောင့်မို့လို့ လမ်းပြုပြင်တဲ့အပိုင်းမှာတော့ ပြုပြင်ရန်လိုအပ်တဲ့ အပိုင်းတွေကို ထိထိရောက်ရောက်ပြုပြင်ဆောင်ရွက်ပေးနိုင်ဖို့လုပ်မယ်ဆိုလို့ရှိရင်တော့ ကုန်ကျစရိတ် မကြီးမားပဲနဲ့ ဒီလမ်းဟာ နွေ၊ မိုး၊ ဆောင်း ယာဉ်များသွားလာနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုဆောင်ရွက်ပေးနိုင်မယ့် အစီအမံများကိုသိလိုပါကြောင်း မေးမြန်းပါသည်။