(ည)-ရစ်ကန်ကြီးနှင့် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာများ လျှပ်စစ်မီးလင်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးကနေပြီးတော့ ပဲခူး- သနပ်ပင်-ကမာစဲ-သက္ကလ-ခရမ်း-သုံးခွ-သန်လျင်ကားလမ်းမကြီးဟာ ဟိုတုန်းကဆိုလို့ရှိရင် ရထားလမ်းပါ။ အဲဒီရထားလမ်းကို ၁၉၄၃ ခု ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေကနေ ရထားလမ်းသံလမ်းတွေ ဖြုတ်ပြီးတော့ ဘုရားသုံးဆူနဲ့ သံဖြူဇရပ်မှာ ရထားလမ်းဖောက်တဲ့အခါ အသုံးပြုလိုက်ပါတယ်။ အသုံးပြုလိုက်တဲ့အတွက်ကြောင့် အဲဒီရထားလမ်း ဟာကားလမ်းဖြစ်ပါတယ်။ ကားလမ်းဖြစ်ခဲ့သည်နဲ့အမျှ အဲဒီလမ်းမှာရှိတဲ့ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ် ခုနစ်မြို့နယ်ဟာဆိုလို့ရှိရင် စပါးစိုက်ဧကပေါင်း ၁၃ သိန်း လောက်ရှိပါတယ်။ အဲဒီ ၁၃ သိန်း လောက်ရှိတော့ စပါးတော်တော် ထွက်ပါတယ်။ တော်တော်ထွက်တဲ့အတွက်ကြောင့် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်က အဲဒီရထားလမ်းဖောက်ပြီးတော့ စပါးတွေသယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ သယ်ခဲ့သလို ဒီဘက်ပိုင်းမှာလည်း ကားလမ်းဟာ အခုဆိုရင် ကတ္တရာလမ်းပါ။ ကားလမ်းရှိသလို သနပ်ပင် မြို့နယ်ဟာဆိုရင် ပဲခူးနဲ့ခုနစ်မိုင်ပဲဝေးပါတယ်။ ခုနစ်မိုင်ပဲဝေးသလို သနပ်ပင်မြို့ဟာ ၁၉၅၆-၁၉၅၇ လောပိတရေအားလျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်အံ့ဆိုတာ အဲဒီကတည်းကနေပြီးတော့ သနပ်ပင်မြို့ဟာ မီးလင်းနေတာဖြစ်ပါတယ်။ အဲဒီတော့ သနပ်ပင်နဲ့ ငါးမိုင်ပဲကွာတဲ့ ကမာစဲ ကျေးရွာ၊ အိမ်ြခေ ၁၀၀၀ ရှိပါတယ်။ အထက်တန်းကျောင်းရှိပါတယ်။ အခုထိမီးမလင်းသေးပါဘူး။ နောက်တစ်ခါ အဲဒီကမာစဲကနေပြီးတော့ နောက်ထပ် ငါးမိုင်သွားလို့ရှိရင် ရစ်ကန်ကြီးကျေးရွာဆို တာရှိပါတယ်။ ကျေးရွာဟာ သုံးရွာပေါင်းထားပါတယ်။ သုံးရွာကအိမ်ြခေ ၁၂၀၀ ရှိပါတယ်။ အဲဒီ ရစ်ကန်ကြီးကနေ နောက်ထပ် ငါးမိုင်သွားရင်တော့ အုန္နဲ၊ အုန္နဲဆိုတာလည်း မီးလင်းနေပါပြီ။ နောက်တစ်ခါ အုန္နဲကနေ ငါးမိုင်သွား လို့ရှိရင် သက္ကလ၊ သက္ကလကလည်း မီးလင်းနေပါပြီ။ ဒီကားလမ်းပေါ်မှာ ဒီရွာကြီးနှစ်ရွာဟာ မီးမလင်းသေးတဲ့အတွက်ကြောင့် အဲဒီရွာ နှစ်ရွာမီးလင်း ဖို့အတွက် မီးရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။