(ခ)-သဘာဝဓာတ်ငွေ့ CNG အရောင်းဆိုင်ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

တိုက်ကြီးမြို့နယ်သည် ရန်ကုန်မြို့မှ ၄၈ မိုင်ကွာဝေးပြီး ရန်ကုန်တိုင်းဒေသကြီးရဲ့ တိုင်းနယ်စပ်မြို့တစ်မြို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၄၅ မြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာ ၉၄ အုပ်စုဖြင့်ဖွဲ့စည်းထားသော နယ်မြေ ကျယ်ဝန်းသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပါတယ်။ တိုက်ကြီးမြို့နယ်အတွင်းရှိ  လုပ်သားပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် City Bus မှန်လုံယာဉ်ဘတ်စ်ကားလိုင်း လေးလိုင်း၊ ဟိုင်းလတ် ယာဉ်လိုင်း သုံးလိုင်း၊ ဒိုင်နာယာဉ်လိုင်း တစ်လိုင်းတို့မှ နေ့စဉ်ပြေးဆွဲဆောင်ရွက်ပေးနေပါတယ်။ ပြေးဆွဲနေသောစီးရေမှာ City Bus ဘတ်စ်ကားကြီး ၁၂၆ စီး ၊ ဟိုင်းလတ်ယာဉ် ၂၁၀ စီးနှင့် ဒိုင်နာ ခြောက်စီးတို့ဖြစ်ပါတယ်။ ယင်းပြေးဆွဲနေသော ကားစီးရေ ၃၄၂ စီးမှာ သဘာဝဓာတ်ငွေ့သုံး CNG ယာဉ်များဖြစ်ပြီးတော့ ရန်ကုန်ရောက်မှသာဓါတ်ငွေ့ကိုဖြည့်တင်းရပါတယ်။

တိုက်ကြီးမြို့နယ်ရှိ အဖျောက်-အင်းတိုင်ဒေသသည် သဘာဝဓါတ်ငွေ့များထုတ်လုပ်နေသော ဌာနတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်နှင့်အခြားဒေသများသို့ ဓါတ်ငွေ့ပိုက်လိုင်းများဖြင့်နေ့စဉ် သဘာဝ ဓါတ်ငွေ့များကိုပို့ဆောင်ပေးနေရပါတယ်။ တိုက်ကြီးမြို့တွင် သဘာဝဓါတ်ငွေ့ဂက်စ်ဆိုင်ဖွင့်လှစ်ပေး နိုင်ပါက မြို့နယ်အတွင်းရှိကားများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှကားများပါ အထူးပင် အဆင်ပြေနိုင်ပြီး ရန်ကုန်မြို့ရှိဂက်စ်ဆိုင်များတွင်လည်း ကားများအစီးရေလျော့နည်းသွားမည်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ တိုက်ကြီးမြို့တွင်စက်သုံးဆီသဘာဝဓါတ်ငွေ့အရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ် ပေးနိုင်ရန်အစီအစဉ်ရှိ၊ မရှိနှင့် ဆောင်ရွက်ရန်ရှိပါကမည်သည့်ကာလတွင်ဆောင်ရွက်မည်ကိုသိရှိ လိုပါကြောင်း မေးမြန်းပါသည်။