(ဇ)-လယ်သမားတာအား ဆည်မြောင်းတာအဖြစ် သတ်မှတ်ပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ဟာ မုတ္တမပင်လယ်နဲ့ ထိစပ်လျက်ရှိပြီး မြစ်ချောင်းများအလွန်ပေါများတဲ့ မြို့နယ် တစ် မြို့နယ်ဖြစ်ပါတယ်။ ဒေးဒရဲမြို့နယ်မှာ ကျေးရွာအုပ်စု ၉၀၊ ကျေးရွာပေါင်း ၃၉၀၊ လူဦးရေ ၂၂၀၀၀၀ ကျော်ရှိပါတယ်။ ၅၀ ရာခိုင်နှုန်းသော ကျေးရွာများဟာ ပင်လယ်ကမ်းစပ်နဲ့ မြစ်ကမ်းနားနံဘေးမှာ တည်ရှိကြပါတယ်။ တင်ပြပါ ပင်လယ်ကမ်းစပ်မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ကျေးရွာများမှ လုပ်သား ပြည်သူများရဲ့ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကအားထား ဆောင်ရွက်လုပ်ကိုင်နေကြရပါတယ်။ လယ်ယာလုပ်ငန်းလုပ်ဆောင်ရာမှာ ဆည်မြောင်းတာတမံများ ကောင်းမွန်ရေးသည် စိုက်ပျိုးသီးနှံထုတ်လုပ်မှုတွင် အရေးပါသောအချက်တစ်ချက် ဖြစ်ပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းပါးဘေးမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများဟာ ဆည်မြောင်း၊ တာတမံများ ကောင်းမွန်မှသာ မိမိစိုက်ပျိုးတဲ့သီးနှံများရဲ့ အထွက်နှုန်းအကျိုးကျေးဇူးကို သိသိသာသာ ခံစားရမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေးဒရဲမြို့နယ်မှာ ဆည်မြောင်းတာ တမံ၁၄ခု၊ မိုင်အရှည် ၁၀၅မိုင်ရှိပြီး ဆည်မြောင်းဦးစီးဌာနမှ တာတမံခြောက်ခု၊ မိုင်အရှည် ၄၃ မိုင်ကို တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပြီး ကျန်တာတမံရှစ်ခု၊ မိုင်အရှည် ၆၂ မိုင်ကို ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ လယ်သမားများမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်နေကြရပါ တယ်။ ဆည်မြောင်းဦးစီးဌာနက တာဝန်ယူထားတဲ့ ဆည်မြောင်းတာတမံခြောက်ခုကို နိုင်ငံတော်မှ နှစ်စဉ်ပြုပြင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒေသခံလယ်သမားများမှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ တာတမံရှစ်ခုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ နီးပါးက ယနေ့အချိန်ထိ တာဝန်ယူစောင့်ရှောက် နေရတာဖြစ်ပါတယ်။ လယ်သမားများ စောင့်ရှောက်တဲ့ တာတမံရှစ်ခုရဲ့ အကျိုးပြုဧရိယာဟာ ၂၉၅၀၄ ဧကဖြစ်ပါတယ်။ လယ်သမားများ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာတမံရှစ်ခုကို ဒေသခံလယ်သမား များရဲ့လုပ်အားအကူအညီဖြင့်သာ ခေါ်ယူလုပ်ကိုင်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် နှစ်စဉ်ထိန်းသိမ်းမှု အပေါ်မှာ အားနည်းခြင်း၊  ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲခြင်း၊ ရေကြီးခြင်းများကြောင့် တာများ ဟာတဖြည်းဖြည်းရေတိုက်စားခံရပြီး ကျိုးပဲ့ပျက်စီးကာ တာပေါင်များ နိမ့်ကျလာတာကိုတွေ့ရှိရပါ တယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၎င်းတာတမံများ နိမ့်ပါးလာမှုကြောင့် လယ်ယာ စိုက်ပျိုးရေး ရာသီလုပ်ငန်းချိန်ဖြစ်တဲ့ မိုးတွင်းကာလလပြည့်၊ လကွယ်ရေထရက်များမှာ လယ်ယာခွင် လုပ်ငန်းထဲသို့ ရေများအလွန်များပြားစွာ ဝင်ရောက်သည့်အတွက် တောင်သူများစိုက်ပျိုးထားတဲ့ လယ်ယာသီးနှံများ ပျက်စီးဆုံးရှုံးမှုနဲ့ နှစ်စဉ်ကြုံတွေ့လျက်ရှိပါတယ်။ အခုအချိန်မှာ အချို့သော လယ်သမားတာတမံများဟာ လယ်ကန်သင်းပုံစံမျိုး လောက်သာတွေ့မြင်နေရပါတယ်။ အထူးသဖြင့် ဘရမ်း၊ကျွန်းပင်၊ ကြုံထပ်လယ်သမားများရဲ့ တာအရှည် .၃၀ မိုင်ရှိတဲ့ တာတမံဟာ ပင်လယ်နဲ့ နီးစပ်ပြီးတော့ အမြင့်ပေ နှစ်ပေခန့်သာရှိသဖြင့် ပင်လယ်ရေများ မကြာခဏ လွှမ်းမိုးမှုဒဏ်၊ တာတမံ ဘောင်မှကျော်လွန်၍ လယ်ယာမြေထဲသို့ ဝင်ရောက်လျက်ရှိသည်ကို လယ်သမားများမှ တင်ပြလာပါ တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဆည်မြောင်း ဦးစီးဌာနများနှင့် အခြားဌာနဆိုင်ရာများပါဝင်ပြီး ကွင်းဆင်းလေ့လာပြီးဖြစ်ပါတယ်။ ဒီလို ဖြစ်ပေါ်နေတဲ့အခြေအနေမျိုးမှာ လယ်သမားများအနေနဲ့ မိမိလယ်ယာနဲ့ မိမိသီးနှံမပျက်စီးစေရန် အတွက် အတတ်နိုင်ဆုံး ကာကွယ်ဆောင်ရွက်သော်လည်း ပင်လယ်ရေနဲ့ မြစ်ရေကြီးမှုဒဏ်မှ ကင်းလွတ်စေတဲ့ တာတမံမျိုးဖြစ်အောင် ဆောင်ရွက်နိုင်မှုကို ဒေသခံများရဲ့လုပ်အားဖြင့် တတ်စွမ်းနိုင် စွမ်းမရှိတော့လို့ပါ။ ဒါကြောင့် ဘရမ်း၊ ကျွန်းပင်၊ ကြုံထပ် တောင်သူလယ်သမားတာ . မိုင် ရှည်ပြီး အဆိုပါတာရဲ့အကျိုးပြု လယ်မြေဧကမှာ ၄၉၈၄ ဧကဖြစ်ပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသတွင်းတာတမံများ ကောင်းမွန်မည်ဆိုပါက တောင်သူလယ်သမားများအနေနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ရေကြီးနစ်မြုပ်မှုအန္တရာယ်မှ ကင်းလွတ်ခြင်း၊ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက် လာပါက ၎င်းတာတမံများကို အသက်ကယ်ကုန်းအဖြစ် အသုံးပြုနိုင်ခြင်း၊ လူ၊ တိရစ္ဆာန်များရဲ့ အသက် အန္တရာယ်မှကင်းလွတ်ခြင်း စတဲ့အကျိုးကျေးဇူးများကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင် လယ်သမား များ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာတမံရှစ်ခုကို နှစ်စဉ်ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်သို့ ထည့်သွင်းပေးရန် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခြင်း ဖြစ်ပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်စတင် ဆောင်ရွက်မှာလဲ။ အစီအစဉ်မရှိပါက မည်သည့်အကြောင်းများကြောင့် မရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။