(ည)-တောဆင်ရိုင်းများအန္တရာယ်မှကင်းရှင်းရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ငပုတောမြို့နယ်ထဲမှာ မယ်ဇလီကြိုးဝိုင်း၊ ဆင်မကြိုးဝိုင်း၊ ဆင်မုန်ကြိုးဝိုင်းနဲ့ မြစ်တစ်ရာကြိုးဝိုင်းတို့ပါဝင်ပြီး ငပုတောမြို့နယ်နဲ့မြို့နယ်အတွင်းမှာပါဝင်တဲ့ ငရုတ်ကောင်းမြို့နယ်တို့ကို အနောက်ရိုးမတောင်တန်းကြီးက ပိုင်းခြားထားပါတယ်။ ရိုးမတောင်တန်းနဲ့ ကြိုးဝိုင်းသစ်တောအတွင်းမှာ ဆင်ရိုင်းများဟာ ခိုအောင်းနေထိုင်လျက်ရှိပါတယ်။ ဒေသခံပြည်သူများ အနေနဲ့ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းနဲ့ တောတောင်ကိုအမှီပြုရှာဖွေ စားသောက်ရတဲ့လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရပါတယ်။ ၁၉၉၃-၁၉၉၄ ခုနှစ် လောက်ကနေစပြီးတော့ ရာသီဥတုဖောက်ပြန်ခြင်း၊ သစ်တောများပြုန်းတီးမှုတို့ကြောင့် အစာရေစာ တွေရှားပါးလာတဲ့အတွက် တောဆင်ရိုင်းများဟာ အလွယ်တကူရှာဖွေစားသောက်လို့ရတဲ့ တောင်ယာ လုပ်ငန်းကသီးနှံတွေကို ဝင်ရောက်စားသောက်လာခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ တောင်ယာသီးနှံ များသာမက တောင်ယာတွေနဲ့နီးစပ်တဲ့ လယ်ယာမြေထဲကိုတစ်ဆင့် အဲဒီကနေတစ်ဆင့် ကျွန်မတို့ ရွာတွေနဲ့နီးစပ်တဲ့လယ်ယာများအထိ နယ်ချဲ့လာခဲ့ကြပါတယ်။ တောဆင်ရိုင်းများဟာ စပါးပေါ်ချိန် ရောက်ပြီဆိုတာနဲ့ လယ်မြေထဲကို အုပ်စုလိုက်ဝင်ရောက်ပြီးတော့ စားသောက်ကြပါတယ်။ ဆင်အုပ် တစ်အုပ်ဆင်းလာပြီဆိုရင် ဆင်အကောင်ရေဟာအကောင် ၂၀ ကနေ ၃၀ နီးပါးအထိပါလာပြီးတော့ အဲဒီဆင်အုပ်တွေသွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ လယ်ယာမြေတွေ၊ ပတ်ဝန်းကျင်အားလုံး ဟာအရာအားလုံးနီးပါး ပျက်စီးခဲ့ကြရပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ မိမိတို့စိုက်ပျိုးထားတဲ့ သီးနှံတွေရရှိဖို့အတွက် နီးစပ်ရာတောင်သူလယ်သမားတွေက စုပေါင်းပြီးတော့ ဆင်တွေကို ခြောက်လှန့်မောင်းထုတ်ပြီး ဆင်တွေနဲ့အပြိုင် မိမိတို့စိုက်ပျိုးထားတဲ့ လယ်ယာမြေက စပါးသီးနှံတွေ ကိုရဖို့အတွက် လုပြီးတော့စားသောက်နေရတဲ့ ဘဝမျိုးရောက်ရှိနေကြပါတယ်။
၂၀၀၄-၂၀၀၅ ခုနှစ်လောက်ကနေစပြီးတော့ တောဆင်ရိုင်းတွေဟာ လယ်ယာ မြေသီးနှံတွေ၊ တောင်ယာသီးနှံတွေကို စားသုံးတာမဟုတ်တော့ဘဲနဲ့ လူတွေရဲ့ အသက်အန္တရာယ်တွေ ကိုပါပေးရတဲ့အထိ အန္တရာယ်ပြုလာကြပါတယ်။ ဆင်တွေကို ခြောက်လှန့်ထုတ်ရင်းနဲ့ ပြေးမလွတ် လို့သေဆုံးရတာ၊ တောင်ယာတွေမှာ တောထဲမှာသွားရင်းနဲ့ ဆင်တွေနဲ့ပက်ပင်းတွေ့ပြီးတော့ ဆင်တွေ ရဲ့အန္တရာယ်ပြုမှုအတွက်ကြောင့် ၂၀၀၄-၂၀၀၅ လောက်ကစပြီး ယနေ့ထိ ကျွန်မတို့မြို့နယ်ထဲမှာ သေဆုံးသူဦးရေဟာ ၁၅ ဦးရဲ့ အထက်မှာပဲရှိပါတယ်။ သူ့ရဲ့အောက်မှာမရှိပါဘူး။ တောဆင်ရိုင်းတွေ ဟာ လယ်ယာ၊ တောင်ယာတွေသာမကဘဲနဲ့ အခုဆိုရင် ကျေးရွာတွေအနီးမှာရှိနေတဲ့ ဥယျာဉ်ခြံတွေ အတွင်း၊ ရွာအတွင်းကို ဝင်ရောက်နေကြပြီဆိုတဲ့အကြောင်းကိုလည်း ကျွန်မတို့ ကြားသိနေရပါတယ်။ ကျေးရွာအုပ်စု ၁၅ အုပ်စု လောက်မှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီးတော့ နောက်ကြောင်းမအေးရတဲ့အဖြစ်နဲ့ ကြုံတွေ့နေကြရပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မမေးလိုတဲ့မေးခွန်း ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုများမှာ ပွင့်လင်း ရာသီ၌ တောဆင်ရိုင်းများအန္တရာယ်ပြုမှုများကို အမြဲကြုံတွေ့နေရပြီး နှစ်စဉ်လယ်ယာမြေများ၊ ဥယျာဉ် ခြံမြေများ၊ လူနေတဲ့အိမ်များကို ဖျက်ဆီး၍ လူတို့၏ အသက်အန္တရာယ်ကိုပြုလုပ်လာပြီး အချို့မှာ အသက်ဆုံးရှုံးခြင်းများရှိနေပါသဖြင့် ဆင်အန္တရာယ်မှကင်းဝေးပြီး စိတ်အေးချမ်းသာစွာနေထိုင် လုပ်ကိုင်စားသောက်လိုကြတဲ့ ဒေသခံပြည်သူများအတွက် တောဆင်ရိုင်းများအန္တရာယ်မှကင်းဝေး ရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။