(က)-ရန်ကုန်-နေပြည်တော် လမ်းမကြီးပေါ်တွင် မှားယွင်းစွာ အချက်ပြစနစ်ကျင့်သုံးနေခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-22

ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီး၏ မိုင်တိုင် ၅၀ ပတ်ဝန်းကျင်တွင် ညအချိန်မတော်နွားများ မကြာခဏတွေ့နေရပြီး နွားများကိုရှောင်တိမ်းလိုက်ရာ မော်တော်ယာဉ်တိမ်းမှောက်လုမတတ်ဖြစ်သွားတာ အကြိမ်ကြိမ် ဖြစ်ပါပြီ။ နောက်တစ်ခါ နွားများကိုတိုက်မိပြီး နွားများသေဆုံးမှုအထိလည်းဖြစ်ပွားနေသည်ကို တွေ့ရှိ ရပါသည်။ ကျွန်တော်မေးခွန်းတင်ထားတုန်းအချိန်မှာပဲ ၁၁-၉-၂၀၁၁ နေ့က အဝေးပြေးခရီးသည်တင် အမြန်ကားကြီးမှာနွားကိုတိုက်မိပြီးတော့ တိမ်းမှောက်လုမတတ်ဖြစ်ကြောင်းထပ်မံပြီးတော့ သိရှိရ ပါတယ်။ သို့ပါ၍ အဆိုပါနွားများကြောင့် ခရီးသည်များ၏အသက်အန္တရာယ်ကို လွန်စွာစိုးရိမ်နေရပါ သဖြင့် သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-နေပြည်တော်လမ်းမကြီးတစ်လျှောက်တွင် မော်တော် ဆိုင်ကယ်စီးနင်းခြင်းမပြုရဟုတားမြစ်ထားသော်လည်း မော်တော်ဆိုင်ကယ်များစီးနင်းနေသည်ကို တွေ့ရှိရပါသည်။ ၎င်းကိစ္စမှာလည်းခရီးသည်တင်ယာဉ်ကြီးများအတွက် အန္တရာယ်များတွေ့ရှိနိုင်သည် ဖြစ်ပါ၍ သက်ဆိုင်ရာမှအရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာပြည်တစ်ဝန်း အဝေးပြေးလမ်းမကြီးများတွင် ယာဉ်မောင်းများ၏ မှားယွင်းစွာကျင့်သုံးသော အချက်ပြမီးကိစ္စတင်ပြပါမယ်။ မော်တော်ယာဉ်၏ အချက်ပြမီးသဘောမှာ မိမိကွေ့လိုသောဘက် သို့မဟုတ် မိမိယာဉ်ကြောပြောင်းလိုသောဘက်သို့ ပြသရန်ဖြစ်သော်လည်း အဝေးပြေးလမ်းမကြီးတစ်လျှောက်တွင်မူ မိမိ၏နောက်မှယာဉ်ကို ကျော်တက် စေလိုပါက လက်ဝဲဘက်ကအချက်ပြမီးကိုပြ၍ ကျော်တက်စေခြင်းပြုလုပ်နေကြပါသည်။ လုံးဝ မှားယွင်းသောစနစ်ဖြစ်ပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်-နေပြည်တော်အ‌ဝေးပြေးလမ်းမကြီးမှာ ထိုကဲ့သို့ အချက်ပြမီးမှားယွင်းမှုကြောင့် ကျော်တက်မှုမှားယွင်းသဖြင့် ၂၀၁၀ ခု၊ ဒီဇင်ဘာလက မိုင်တိုင် ၉၃ မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ကျွန်တော်၏ မိတ်ဆွေတစ်ဦး သေဆုံးပြီး မိသားစု ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုသို့အချက်ပြမီးမှားယွင်းမှုကို သက်ဆိုင်ရာမှနည်းမျိုးစုံဖြင့် ပညာ‌ပေးသည် ကိုလည်း ‌တွေ့ရှိရပါသည်။ ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုတို့မှ ပညာပေးသော်လည်း ယနေ့ထိ လိုက်နာမှုမရှိသေးသည်ကို တွေ့ရှိရပါတယ်။ သို့ပါ၍ အဆိုပါကိစ္စအား ထိရောက်စွာအရေးယူဆောင် ရွက်နိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။