(က)-ရာသီအလိုက် ပွဲတော်များကို ကျင်းပပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့်လည်းကောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်နေစေရေး အတွက်လည်းကောင်း၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ မြင့်မားလာစေရန် အတွက်လည်းကောင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့များကို ရှေးယခင်အစိုးရ များလက်ထက်ကနည်းတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် အထိမ်းအမှတ်ပွဲများအဖြစ် နိုင်ငံတော်ကိုကိုယ်စားပြုပြီး ကျင်းပပေးရန် အစီ အစဉ် ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ တစ်ဆက်တည်းမှာပဲ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့စရိုက် များကို ပြုစု ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရိုးရာလှေသဘင်ပွဲတော်ကဲ့သို့သော ယဉ်ကျေးမှု ဆိုင်ရာ ပွဲတော်များအားလည်း နိုင်ငံတော်မှကြီးမှူးကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။