(ခ)-ပညာရေးဌာနအကြီးအကဲများနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မေးခွန်းနံပါတ်(၁) နိုင်ငံတော်မှ နယ်စပ်ဒေသနှင့်ပြည်မ၊ ကျေးလက်နဲ့ မြို့ပြဆင်းရဲချမ်းသာကွာဟမှု ကျဉ်းမြောင်းရေးဆောင်ရွက်ရန် အထူးဒေသဖွံ့ဖြိုးရေးဇုန် ၂၄ ခုဖြင့် ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါတယ်။ ထို့အပြင် ယခုအခါ နိုင်ငံတော်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါတယ်။ ဝန်ထမ်းကောင်းမှ အစိုးရကောင်းဖြစ်မည်ဆိုသည့်အတိုင်း ပညာရေးဖွံ့ဖြိုး တိုးတက်မှုသည်လည်း နိုင်ငံတော်ရဲ့ရေရှည်ပြုလုပ်ရမယ့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ယုံကြည်ပါတယ်။ သို့ရာတွင် တိုးတက်မှုနောက်ကျကျန်ခဲ့တဲ့ နယ်စပ်ဒေသများရဲ့ ဝန်ထမ်းခန့်ထားရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအကဲ အချို့ဟာ ခန့်အပ်တာဝန်ပေးအပ်ရာတွင် မြို့ကြီးများ ပေါ်မှ အပြစ်ရှိသူများ သို့မဟုတ် ရာထူးတင်ရန်များနှင့် ရာထူးလျှော့ရန်များ တစ်နည်းအားဖြင့် ပြစ်ချက်များဖြင့် ပေးပို့ခန့်ထားသည်ကို တွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဒေသဖွံ့ဖြိုးမှုမညီမျှဘဲနှောင်‌့နှေး နေသည်ဟု ယူဆပါတယ်။ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ အရည်အချင်းရှိသူ၊ ထက်မြက်သော စီမံခန့်ခွဲသူ၊ အုပ်ချုပ်သူများအား အလှည့်ကျစနစ်ဖြင့် ခန့်အပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။