(က)-အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-22

ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှာ စတင်ဖွင်‌့လှစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒေသခံပြည်သူများကလည်း ဝမ်းသာကြည်နူး မဆုံးဖြစ်ခဲ့ကြရပါတယ်။ နိုင်ငံတော်နဲ့ဝန်ကြီးဌာနအား ကျေးဇူးတင်မဆုံးဖြစ်နေကြပါတယ်။ ယခုအခါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ ကျောင်းသားပေါင်း ၁၂၇ ဦးရှိပြီး ဆရာ၊ ဆရာမပေါင်းမှာ  ၃၈ ဦး ရှိတဲ့အတွက် ဆရာနဲ့ကျောင်းသားအချိုးမှာ ၁း၄ ခန့်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။  အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း တက်ရောက်ခွင့်ရရန် တက္ကသိုလ်ဝင်တန်းအောင် အမှတ်ပေါင်းဟာ ၃၂၀ အနည်းဆုံးရရှိမှသာ တက်ရောက်ခွင့်ရကြတဲ့အတွက် ကျောင်းမှာကျောင်းသားဦးရေ နည်းပါးရခြင်း လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒေသမှအင်ဂျင်နီယာပညာသင်ယူလိုကြတဲ့ အမှတ်မမီတဲ့ ကျောင်းသားများမှာ အခက်အခဲနှင့်ကြုံကြရပါတယ်။

          ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုမြို့နယ်များမှ တစ်နှစ်လျှင် ၈ တန်းအောင်ကျောင်းသားပေါင်းဟာ ၂၀၀၀ ကျော်ခန့် ရှိပါတယ်။ အင်ဂျင်နီယာပညာဟာ လက်တွေ့လူမှုဘဝနယ်ပယ်မှာ များစွာအကျိုးပြုတဲ့ပညာရပ်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်ပါ အဓိကကျလျက်ရှိပါတယ်။ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း အနေဖြင့် ၈ တန်းအောင်အမှတ်ကန့်သတ်ထားခြင်းမရှိတဲ့အတွက် အင်ဂျင်နီယာပညာအားသင်ယူ လိုတဲ့ကျောင်းသားများအတွက် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်။ ကြိုးစားပါက အစိုးရ စက်မှုလက်မှုသိပ္ပံကိုလည်း ဆက်လက်ပညာဆည်းပူးရန် တက်ရောက်ခွင့်ရကြမှာဖြစ်လို့ အထူး စိတ်ဝင်စားကြခြင်းလည်းဖြစ်ပါတယ်။ ယခုလို အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ အင်ဂျင်နီယာ ပညာတတ်မြောက်ထားပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး စားဝတ်နေရေးအတွက် စိတ်အေးကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်မှာလည်း လက်မှုလယ်ယာမှ စက်မှုလယ်ယာခေတ်ကို သွားတဲ့အခါမှာ ပြည်သူများဟာလည်း စက်မှုပညာတွေကို နားလည်တတ်ကျွမ်းမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

          ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ မြေဧရိယာ ဧက ၅၇ ဧကရှိပြီး စာသင်ဆောင် သုံး ဆောင်နဲ့ ဆရာ၊ ဆရာမဆောင် နှစ် ဆောင်ရှိပြီးဖြစ်ပါတယ်။ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းဖွင့်နိုင်ဖို့အတွက် စာသင်ဆောင်တစ်ဆောင်သာ လိုအပ်မှာ ဖြစ်ကြောင်းနှင့် မြေနေရာကျယ်ဝန်းစွာရှိကြောင်း လေ့လာသိရှိရပါတယ်။ ဆရာ၊ ဆရာမများနေရေး အတွက်ကိုလည်း ဒေသမှကူညီပံ့ပိုးလျက်ရှိပါတယ်။ ဒေသခံမိဘပြည်သူများမှလည်း မိမိရဲ့သားသမီး များကို ၈ တန်းအောင်ပါက လက်တွေ့လူမှုဘဝနယ်ပယ်မှာ အသုံးဝင်တဲ့အင်ဂျင်နီယာပညာကို သင်ကြားခွင့်ရရှိနိုင်တဲ့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းအား ဂန့်ဂေါမြို့ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းမှာ နိုင်ငံတော်အနေဖြင့် ဖွင့်လှစ်ပေးစေလိုကြကြောင်း ဆန္ဒများပြင်းပြလျက် ရှိကြပါတယ်။

          ဂန့်ဂေါမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းမှာ ဆရာ၊ ဆရာမများလည်း အလုံအလောက်အဆင်သင့်ရှိပြီးဖြစ်ပါတယ်။ တက်ရောက် လိုသော ၈ တန်းအောင်ကျောင်းသားဦးရေဟာလည်း များပြားမှာဖြစ်ပါတယ်။ ဒေသနဲ့နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့် အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးခြင်း လည်းဖြစ်ပါတယ်။ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရာတွင်လည်း အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ နံပါတ်(၁) ဂန့်ဂေါမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှာ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လှစ် ပေးရန်အစီအစဉ်ရှိပါသလား။ နံပါတ်(၂) အစိုးရစက်မှုလက်မှုအထက်တန်းကျောင်း ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက ဖွင့်လှစ်ပေးမည့်အချိန်ကာလအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။