(က)-မျိုးကောင်းမျိုးသန့်စပါးနှင့် ဟင်းသီးဟင်းရွက်များ ဖြန့်ဝေပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-22

မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်များနဲ့ သယံဇာတများပေါကြွယ်ဝပြီး ရေမြေအနေအထား ကောင်းပြီး ရာသီဥတုမျှတတဲ့ နိုင်ငံဖြစ်တာနဲ့အညီ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာလည်း တောင်သူလယ်သမားမိသားစုများဖြစ်ကြလို့ စပါးကို အခြေခံပြီး အခြားသီးနှံမျိုးစုံကိုလည်းနေရာမလပ်စိုက်ပျိုးကြပါတယ်။ ယခုအခါ ပြည်ထောင်စု တစ်ဝန်းမှာ စပါးပိုမိုအထွက်တိုးအောင် သိပ္ပံနည်းကျစပါးစိုက်ပျိုးခြင်းကို အင်တိုက်အားတိုက် တွန်းအားပေးဆောင်ရွက်နေကြသလို နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း အရင်းအနှီးနဲ့ နည်းပညာကူညီထောက်ပံ့ပေးခြင်းတို့ကြောင့် လာမယ့်ရာသီမှာ သီးနှံအထွက်နှုန်းများ သိသိသာသာတိုးလာမှာဖြစ်ပါတယ်။ မကြာမီရက်ပိုင်းက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက နေပြည်တော်တစ်ဝန်းမှာဆောင်ရွက်နေတဲ့ အထွက်ကောင်းစပါးမျိုးများ စိုက်ပျိုးထားမှု အခြေအနေ၊ လယ်ယာမြေများဖော်ထုတ်မှုနှင့် စပါးမျိုးစေ့ထုတ်လုပ်မှုအခြေအနေတွေကို လွှတ်တော် ကိုယ်စားလှယ်များလေ့လာသိရှိခွင့်ရပြီး ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြ မှုကြောင့် အစိုးရသစ်လက်ထက်မှာ စိုက်ပျိုးရေးတစ်ခေတ်ဆန်းသစ်လာပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်။ မကြာခင်မှာလည်း ပြည်သူ့လွှတ်တော်ကရေးဆွဲနေတဲ့ လယ်ယာမြေဥပဒေကြမ်းတစ်ရပ်ကလည်း ပေါ်ပေါက်လာမှာမို့ တောင်သူလယ်သမားများအတွက် အလွန်ပဲအားတက်မိသလို ရွှေခေတ်ကို ရောက်ရှိမှာဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတိုင်းမှာ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းဖို့ဆိုရင် မျိုးကောင်းမျိုးသန့်ဟာ အဓိကကျပါတယ်။ မျိုးစေ့မမှန်တာကိုအသုံးပြုခဲ့ရင် အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းဖို့ မည်သို့မှကုစား ဆောင်ရွက်လို့မရတော့ပါ။ နိုင်ငံတော်မှာ စပါးစိုက်ဧက သန်း ၂၀ ခန့်ရှိရာ တစ်ဧကလျှင်မျိုးစပါး တစ်တင်းခွဲနှုန်းဖြင့်တွက်ပါက မျိုးစပါးတင်းသန်း ၃၀ ခန့်လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်မှာ စပါးမျိုးသန့်မျိုးပွားခြံ ၂၇ ခြံရှိကြောင်းသိရှိရပါတယ်။ တစ်နိုင်ငံလုံး မျိုးစပါးလိုအပ်ချက်နဲ့တွက်ကြည့် လျှင် အလွန်နည်းနေကြောင်းတွေ့ရှိရပါတယ်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးဟာ နိုင်ငံတော်ရဲ့ စပါးကျီဖြစ်တာနှင့်အညီ စပါးစိုက်ဧက ၃၇ သိန်းခန့်ရှိပါတယ်။ မျိုးစပါးတင်းပေါင်း သိန်း ၅၀ ခန့် လိုအပ်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာလည်း လက်ရှိစပါးမျိုးသန့်၊ မျိုးပွားခြံငါးခြံ နှင့် သုတေသနခြံတစ်ခြံသာရှိပြီး မျိုးစပါးတင်း ၄၀၀၀ ခန့်သာထုတ်လုပ်နိုင်ကြောင်းသိရှိရပါတယ်။ တောင်သူလယ်သမားများအနေနဲ့ ဌာနမှထုတ်လုပ်တဲ့ အာမခံချက်ရှိသော၊ ဒေသနှင့်သင့်လျော်သော မျိုးသန့်စပါးများကို အလွန်ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့်လို့ မျိုးစပါးလိုအပ်ချက်ပြည့်စုံ လုံလောက်မှုမရှိသေးပါ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တောင်သူ လယ်သမားများဟာ စပါးနှင့်အခြားသီးနှံများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြသလို ဟင်းသီး ဟင်းရွက်များကိုလည်း တစ်နိုင်ငံလုံးဒေသအနှံ့စိုက်ပျိုးလျက်ရှိကြပါတယ်။ ဟင်းသီးဟင်းရွက်မျိုးစေ့ များကိုလည်း ပြည်ပမှလာတဲ့မျိုးစေ့ပုံးများ၊ မျိုးစေ့ဘူးများကို ဈေးကြီးပေးဝယ်နေရခြင်း၊ အာမခံချက် မရှိခြင်းတို့ကြောင့် သီးနှံများအပျက်အစီးများနှင့်ကြုံတွေ့ရပြီး စိုက်ပျိုးသူတောင်သူများ ဒုက္ခရောက် ကြရပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ မေးခွန်းနှစ်ခုမေးမြန်းလိုပါတယ်။ မေးခွန်းကတော့ တောင်သူလယ်သမားများလက်ဝယ်သို့ စိုက်ပျိုးရေးခြံများမှထုတ်လုပ်တဲ့ မျိုးကောင်းမျိုးသန့်စပါး မျိုးများအလုံအလောက်ဖြန့်ဖြူးရေးနဲ့ အရည်အသွေးကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဖြူးနိုင်မှုအစီအမံများရှိ၊ မရှိနဲ့ ရှိပါက မည်ကဲ့သို့ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။