(ခ)-သွေးနှောနိုင်ငံသားမိဘများမှ မွေးဖွားလာသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေးနှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-22

နိုင်ငံသားဟုဆိုရာမှာ တိုင်းရင်းသား မိဘနှစ်ပါးမှမွေးဖွားသူများအားလုံးသည် နိုင်ငံသားဖြစ်သည်။ နိုင်ငံသားဖြစ်ခြင်း ဥပဒေအာဏာတည် သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူများ အားလုံးသည် နိုင်ငံသားဖြစ်သည်ဟုဆိုထားပါတယ်။ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်း ဆိုသည်များသည် နိုင်ငံတော်အတွက် အထူးအရေးကြီးသောကိစ္စဖြစ်ပါသည်။  နိုင်ငံသားအဖြစ်မပြု သင့်မပြုထိုက်သောပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံသားပြုခွင့်ပေးမိပါက နိုင်ငံတော်အတွက် ရေရှည်မှာ အန္တရာယ်ဖြစ်နိုင်သလို နိုင်ငံသားအဖြစ်ရပ်စဲခြင်း၊ နိုင်ငံသားအဖြစ် ရုပ်သိမ်းခြင်း၊ မပြုသင့်မပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံသားအဖြစ် ရုပ်သိမ်းပါကလည်း ထိုပုဂ္ဂိုလ်အတွက် နစ်နာဆုံးရှုံးမှုများရှိသလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံသားအဖြစ် မှတ်ပုံတင်ခွင့် ပြုရာမှာ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူများနှင့် သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ ဟူ၍ရှိရာမှာ သွေးနှောနိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသူများသည် နိုင်ငံသားဖြစ်ခြင်းဥပဒေပုဒ်မ ၆ နဲ့ ပုဒ်မ ၇ အရ အမှန်တကယ်စိစစ်ပြီးသော နိုင်ငံသားများဖြစ်ပါက နိုင်ငံသားပြုခြင်းစိစစ်ရေး မှတ်ပုံတင် ကတ်ပြားထုတ်ပေးရာမှာ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများကဲ့သို့ အချိန်နှင့်တစ်ပြေးညီပြီးစီး နိုင်ရန်အတွက် ခရိုင်အဆင့်မှ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပါက ပြည်သူများအတွက်ပို၍ အဆင်ချောမွေ့မည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် ခရိုင်အဆင့်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ ကိုသိလိုကြောင်း မေးမြန်းပါသည်။