(ဃ)-ဖျာပုံတွင် စိုက်ပျိုးရေးသင်တန်းကျောင်းဖွင့်လှစ်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်တွင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် လေးမြို့နယ်ပါဝင်ပြီး စုစုပေါင်းလူဦးရေ ၁၂ သိန်းခန့် နေထိုင်လျက်ရှိပါတယ်။ လူဦးရေရဲ့ ၇၈.၃၇ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ရေလုပ်ငန်းများကိုလုပ်ကိုင် လျက်ရှိပြီးအထူးသဖြင့် လယ်ယာစိုက်ပျိုးရေးအား ဒေသ၏အဓိကစီးပွားရေးအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်လျက်ရှိရာ လယ်ဧက ၈ သိန်းကျော်တွင် နှစ်စဉ်မိုးစပါး၊ နွေစပါး စုစုပေါင်း ဧက ၁၂ သိန်းကျော် စိုက်ပျိုးလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၏စိုက်ဧကနီးပါး ရှိကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးသီးနှံအလိုက် အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ် များကို ဒေသအခြေအနေနှင့်ကိုက်ညီသည့် အသိပညာ၊ အတတ်ပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်တတ်မြောက်စေရန်အတွက် ဖျာပုံခရိုင်အတွင်း အချက်အခြာဗဟိုကျသော ဖျာပုံမြို့တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော သင်တန်းကျောင်း၊ ဖြစ်နိုင်လျှင်စိုက်ပျိုးရေး သိပ္ပံအား ဖွင့်လှစ်ပေးနိုင် မည်ဆိုလျှင် ဖျာပုံခရိုင်နှင့်ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသဖြင့် ဖွင့်လှစ်ပေးနိုင်မည့်အစီအစဉ်အားသိရှိလိုပါသဖြင့် မေးမြန်းပါသည်။